Libellés

mardi 22 août 2017

** * ကေအယ်လ် ကလန်းမှ ကပါသို့ (တစ်) ** *

နှစ်ဆယ်ကျော်အလွမ်း

ကေအယ်လ် ကလန်းမှ ကပါသို့ (တစ်)


နှစ်အစိတ်နီးပါးက မှုန်ဝါးဝါးကျန်                                                         (Photo Arkar KGyi)
သိပ်မကြာခင်က ရန်ကုန်ရွှေမြို့တော်မှာ နေထိုင်နေသူ မောင်ရင်ငတေ ညီမတော်တယောက်ဆီက အမှတ်တရ ဓါတ်ပုံတပုံကို ဖေ့ဘုတ်ကတဆင့် လက်ခံရရှိခဲ့ပါတယ်၊ ၁၉၉၀ ခုနှစ်များဆီက ပုံတပုံပါ၊
အဲဒီပုံကိုတွေ့မိလိုက်ရတော့ လွန်ခဲ့တဲ့သုံးလေးလကျော်က တပိုင်းတစရေးထားမိတဲ့ နှစ်ဆယ်ကျော်
အလွမ်းစာစု အတိုအစတွေထဲကနေ အဲဒီပုံနဲ့ ပတ်သက်တာတွေကို ပြန်လည်ဆက်စပ်ပြီး ရေးလိုက် ရပါတယ်၊ အဲဒီအချိန်က အဲဒီနေရာမှာ ဖြတ်သန်းလာခဲ့သူများ ဒီစာကို ဖတ်မိကြရင် မောင်ရင်ငတေ ထံသို့ ဆက်သွယ်ကြပါရန်လည်း ပြောကြားလိုပါတယ်၊ စာဖတ်သူများကို ကျေးဇူးတင်ပါတယ်။


FROM KL, KLANG TO KAPAR                                                             (Photo Google)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ကနေ သိပ်မဝေးလှတဲ့ Klang ဆိုတဲ့ ဆိပ်ကမ်းမြို့ကိုသွားတဲ့ လမ်းပေါ်မှာ Kapar ခေါ်တဲ့ ရွာသာသာမြို့ကလေးတမြို့ ရှိပါတယ်၊ မောင်ရင်ငတေတို့ တနှစ်ကျော် ခိုအောင်းခဲ့တာ အခုဆိုရင် နှစ်ပေါင်း နှစ်ဆယ်ကျော် အစိတ်နီးပါး ရှိနေပြီမို့ အပြောင်းအလဲတွေက ရှိသင့်သလောက် ရှိနေပေမယ့် အရမ်းကြီး ပြောင်းလဲသွားတာမျိုး မရှိသေးဘူး ဆိုလို့ရပါတယ်။

အင်တာနက်ပေါ် ဂူဂဲလ်မြေပုံပေါ်မှာ ရှာဖွေကြည့်တဲ့အခါမှာတော့ အနှစ်နှစ်ဆယ်ကျော် ကြာမြင့်ခဲ့ပြီ
ဖြစ်ပေမယ့် ကပါကလန်း ကားလမ်းနဘေးမှာ အများကြီးတော့ပြောင်းလဲတာကို မတွေ့ရသေးပါဘူး၊ မောင်ရင်ငတေ နေခဲ့ဖူးတဲ့နေရာကို ပြန်ရှာကြည့်လိုက်တော့ (လိပ်စာကို တိတိကျကျ မမှတ်မိတာမို့ အပြောင်းအလဲတွေကလည်း အနည်းအပါးတော့ ရှိတာမို့) ခန့်မှန်းခြေနဲ့ ဒီနေရာ ထင်ပါတယ်လို့သာ ပြောနိုင်ပါတော့တယ်၊ Jalan Kapar ကပါ-ကလန်းကားလမ်းကတော့ အရင်လို နှစ်လမ်းသွားတော့ မဟုတ်တော့ပါဘဲ လေးလမ်းသွားလမ်းမကြီး ဖြစ်နေပါပြီ၊ မောင်ရင်ငတေတို့ နေခဲ့တုန်းက အိမ်အနီး
အနားမှာ ဘာမှသိပ်မရှိပါဘူး၊ ရာဘာတောတွေကြား ခြံကျယ်ဝန်းကျယ် ဂိုဒေါင်ပျက်ကြီးတွေလိုသာ  အများအပြား ရှိခဲ့တာပါ၊ အခုတော့ အိမ်ခြေ တော်တော်များများ ရှိလို့နေတာကို တွေ့ရပါတယ်၊ အဲဒီ
အိမ်အရှေ့ကလမ်းကို ပြန်ရောက်ခဲ့တာ သိပ်မကြာလှသေးတဲ့ မောင်ရင်ငတေ့ သူငယ်ချင်း တဦးရဲ့ ပြောပြချက်ကတော့ သူလည်း သိပ် မမှတ်မိတော့ပါဘူးတဲ့၊ အဲဒီ ကားလမ်းက အရင်ကထက် စာရင်
စည်ကားနေတာတော့ အမှန်ပါတဲ့၊ နောက်ပြီးတော့ ဒီလမ်းက ပင်လယ်ကူးသင်္ဘောတွေ ဝင်ရောက် ဆိုက်ကပ်ရာ ကမ္ဘာ့အကြီးဆုံး ဆိပ်ကမ်းတခု စာရင်းဝင် Port Klang ကို သွားရာလမ်းပေါ်မှာ ရှိတာ ကြောင့်လည်း တိုးချဲ့တည်ဆောက်နေတာတွေ အများကြီးပါတဲ့၊ ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ပါတယ်လေ၊ အချိန်တွေဆိုတာကလည်း ဘာမှသာ မဟုတ်ဘူး ထင်မိရတာ၊ သေသေချာချာ ပြန်ပြီး တွေးကြည့်လိုက်တဲ့အခါမှာတော့ အတော်ကြီးကို ကြာသွားခဲ့ပြီကိုး။


Kapar, Selangor, Malaisia                                                                  (Photo Google)

အဲဒီ Klang 13 အိမ်ကို ကေအယ်လ်မြို့ကနေ သွားမယ်ဆိုခဲ့ရင် ဘတ်စ်ကား နှစ်ဆင့် စီးရပါတယ်၊ Puduraya ပူဒူးရာယာ ကားဂိတ်ကြီးကနေ ကလန်းမြို့ကိုသွားတဲ့ ဘတ်စ်ကားစီး၊ ကလန်းကားဂိတ် ရောက်ရင် ကလန်း-ကပါ ကားကို ပြောင်းစီးရပါမယ်၊ ကားခတွေ ဘယ်လောက်ပေးရတယ်လို့တော့ မမှတ်မိတော့ပါဘူး၊ စပယ်ယာ ကောင်မလေးတွေ လက်မှတ်ရောင်းတာကိုသာ မှတ်မိပါတော့တယ်၊ လက်ရှိ ကလန်းကားဂိတ်သစ်ကတော့ မြို့ပြင်အတော်ဝေးရာကို ရောက်ရှိသွားပါပြီ၊ မောင်ရင်ငတေ တို့ခေတ်က ကားဂိတ်ဟောင်း နေရာက မြို့လယ်မှာရှိပြီး ဆိုင်တွေနဲ့ အတော်စည်ကားပါတယ်၊ အဲဒီ နားမှာရှိတဲ့ တရုတ်မ ခပ်ချောချောလေး ကောင်တာထိုင်တဲ့ ဘီယာဆိုင်တဆိုင်မှာ  သွားငမ်းကြရင်း ဘီယာအတူ မူးခဲ့ကြတဲ့ ဘော်ဒါတွေကတော့ ဘယ်ဆီသို့များ ရောက်ကုန်ကြပြီ မသိတော့ပါဘူး။


Klang Kilometre 13                                                                           (Photo Google)
(မောင်ရင်ငတေတို့ နေခဲ့တာ ဒီ အိမ်ပုံစံနဲ့ အတော်ကြီး တူပါတယ်၊ ဖြစ်နိုင်ဖွယ်ရာလည်း အများကြီး ရှိပါတယ်၊ သေတော့မသေချာပါ၊ ကိုယ်တိုင်တော့ တခေါက်လောက် ပြန်သွားကြည့်ချင်မိပါတယ်၊)
အဲဒီ လမ်းမကြီးပေါ်က အိမ်ကလေးမှာ မောင်ရင်ငတေနဲ့အတူ ခေတ်ပြိုင်နေခဲ့သူများ ရွှေပြည်ကြီးနဲ့ ထိုင်းနိုင်ငံမှာ ရှိနေကြပါသေးတယ်၊ သူတို့လည်း ပြန်လွမ်းချင် လွမ်းနေကြမှာပါ၊ မောင်ရင်ငတေတို့ နေခဲ့ကြတုန်းက စိတ်ပျက်စရာများစွာထဲက ပျော်စရာတွေ ရီစရာတွေလည်း များစွာတွေ့ခဲ့ရပါတယ်၊ အဲဒီ အကြောင်းအရာတွေက အခုတော့ အတိတ်က အရိပ်များ အလွမ်းများ ဖြစ်ကုန်ကြပါပြီ။

အဲဒီအိမ်က (မောင်ရင်ငတေ စိတ်ထင်ကတော့ ရက်စတောရန့် အဟောင်းပါ၊) ကားလမ်းမကြီးဘေး မှာရှိပါတယ်၊ အဲဒီအချိန်က အဲဒီကားလမ်းက အမြန်လမ်းမကြီးမျိုး မဟုတ်သေးပါဘူး၊ ဒီကနေ့တော့
အမြန်လမ်းမကြီး ဖြစ်နေပါပြီ၊ ကပါရွာလေးကို ပြေးတဲ့ ဘတ်စ်ကားဂိတ်က အဲဒီအိမ်နဲ့ မနီးမဝေးမှာ ရှိပါတယ်၊ မောင်ရင်ငတေဆီ ရောက်လာတဲ့ အမှတ်တရပုံ ဆိုတာက  အိမ်အနီး Klang Kilometre 13 မှတ်တိုင်မှာရိုက်ခဲ့တဲ့ ပုံတပုံပါ၊ လမ်းချဲ့လိုက်လို့ ထင်ပါရဲ့၊ ကျောက်တိုင်လေးတော့ မရှိတော့ပါ။

မောင်ရင်ငတေ ဒီကေအယ်လ်အလွမ်း စာစုလေးတွေကိုရေးနေရင်း ဖေ့စ်ဘုတ်ခ်ကိုတင်လိုက်တော့
အဲဒီအိမ်လေးမှာ အတူတူနေခဲ့ဖူးတဲ့ သူငယ်ချင်းတယောက် (အခုတော့ ဘန်ကောက် ဘိုးတော်ကြီး
ဖြစ်နေသူ) ကလှမ်းပြောပါတယ်၊ မောင်ရင်ငတေ ဂူဂဲလ်မြေပုံပေါ်မှာ ရှာဖွေပြီးတင်ထားတဲ့ အဲဒီအိမ်
ဖြစ်နိုင်ကြောင်းကိုပါ၊ “အဲအိမ်က အဖြစ်နိုင်ဆုံးပဲ အခု မျက်စိထဲမှာ ပေါ်လာတယ်၊ ဟုတ်တယ်၊ အဲဒီ
အိမ်ပဲ၊ အနောက်ဖက်ကို ကြည့်ရင်တော့ ပိုသေချာတာပေါ့ ရဲလာရင် ပြေးပြေးပြီး ပုန်းတဲ့ အပင်တွေ ရော ကြည့်လိုက်သေးလား” လို့ ပြန်မေးပါတယ်၊ အဲဒီ အိမ်ကိုရောက်တဲ့ အချိန်က ၁၉၉၁ နှစ်လယ် လောက်မှာ ထင်ပါတယ်၊ မောင်ရင်ငတေတို့ မလေးရောက်ခါစကထက်စာရင် အဲဒီအိမ်ရောက်တော့ ကေအယ်လ်တခွင်မှာ တရားမဝင် အလုပ်လုပ်သူတွေ များသထက်များလာလို့ အော်ပရာစီတာတွေ ခေတ်စားလာပါပြီ၊ အလုပ်ရုံများတဲ့ နေရာတွေကို အဓိကထားပြီး မလေးရဲတွေ လဝကတွေပေါင်းပြီး လူဖမ်းပွဲတွေ စနေပါပြီ၊ မောင်ရင်ငတေကတော့ ကံကောင်းလို့လား မသိပါဘူး၊ ကပ်လွတ်ခဲ့ပါတယ်၊
အိမ်ထဲမှာ ခပ်တည်တည် အိပ်နေရင်း (အမှန်ကတော့မူးနေတာပါ) လွတ်ခဲ့တာတို့၊ အိမ်ကို ရဲလာပြီး
ဝိုင်းရင် အလုပ်ရုံကို ရောက်နေချိန်ဖြစ်ပြီး အလုပ်ရုံကို အော်ပါရာလာစီရင် အလုပ်မလုပ်လျှောက်ပြီး လည်ရာပြန်စားရေး လုပ်နေချိန်ဖြစ်ပြီး ကပ်လွတ်ခဲ့တာမျိုးတွေပါ၊ အိမ်ထဲမှာ မောင်ရင်ငတေတို့တွေ သုံးလေးငါးယောက်သာ မူးပြီး ကျန်နေချိန်မှာ ရဲတွေလာတယ်ဆိုပြီး နောက်ဖေးက ရာဘာခြံတွေထဲ ပြေးပုန်းကြသူတွေကို ရဲကမဲလိုက်ဖမ်းတာနဲ့ လွတ်ခဲ့ကြရတာ ထင်ပါတယ်၊ တကယ်တမ်း ပြောကြရ
ကြေးသာဆိုခဲ့ရင် မောင်ရင်ငတေရဲ့ အမြင်အရ မလေး ရဲ အများစုကလည်း ခပ်ညံ့ညံ့သာပါ။


lundi 21 août 2017

** * တခါကနေ့ရက်များ (၅) ** *

နှစ်ဆယ်ကျော်အလွမ်း
တခါကနေ့ရက်များ (၅)


(Photo KCorail)

ကိုစံရွှေမြင့်ရေ့
ဘဝကလည်း အဲဒီ ကတည်းက ပျော်ရာမှာ မနေရတဲ့ ဘဝပါဗျာ၊ အတည်တကျ မနေရတဲ့ ဘဝပေါ့၊
ဇာတိ ဟင်္သာတမှာ ချက်မြှုပ်လာခဲ့ရာကနေ ပုသိမ်  ရေနံချောင်း မိတ္ထီလာ စလေ မိတ္ထီလာ မန္တလေး
ရန်ကုန် တနှစ် တကျောင်းဆိုသလို ပြောင်းရွှေ့နေခဲ့ရ၊ အဲဒီကနေ ဘီကေကေ ကေအယ်လ် ဆိုးလ်း နောက်တော့ ရန်ကုန် ပြည် ရွှေတောင့့် အဲဒီလိုနဲ့ ပါရီ-အီဗရီသား ဖြစ်လာခဲ့ရ၊ ဘဝက ပျော်ရာမှာ မနေရတော့ နေရာမှာ ပျော် ပျော်တတ်ခဲ့ရတာ့ ဆန်းလှတယ်လို့
ဘယ်ပြောရတော့မှာလည်းနော့ ကိုစံရွှေမြင့်ရေ။

အဲ့ ပါရီ-အီဗရီသား ဖြစ်ခဲ့ရပြီးနောက် မင်း ဘဝက တည်ငြိမ်ခဲ့ပြီလား ခင်ဗျားမေးရင်
တအိမ်ပြီးတအိမ် ရွှေ့ခဲ့ရသလို မထင်မှတ်တဲ့ ဘဝအပြောင်းလဲတွေ တွေ့ကြုံရ အဲဒါကိုစူးနှစ်ခံစားပြီး
ရင်ခုန်သံတွေကိုကျေနပ် လတ်ဆတ်အောင် နေခဲ့တာပေါ့ဗျာ၊ ဘဝအပြောင်းနေရာအပြောင်းတွေမှာ
ဖားသားကြီး မားသားကြီးတွေ ပေးခဲ့တဲ့ နာမည်ရင်းလည်း သိတဲ့သူ မရှိလောက်အောင် နာမည်တွေ
ပြောင်းလဲခဲ့ရတာလည်း ကျေကျေနပ်နပ်နဲ့ နေတတ်ပါပြီ ဗျာ။


(ဓါတ်ပုံ မရငတ)

ဘာတခုမှ မယ်မယ်ရရ မလုပ်ဖြစ်ခဲ့တော့လည်း ခါးသီးတဲ့ လမ်းကို လျှောက်ရင်းလျှောက်ရင်း ပျော် ပျော်တတ်လာတယ် ပေါ့ဗျာ၊ အဲသလိုနဲ့ နာမည်ရင်းက ကိုယ်တိုင်တောင်မှ မေ့တေ့တေ့ ဖြစ်လာချိန် ကမ္ဘာကြီးကလည်း တဖြေးဖြေး ကျဉ်းမြောင်းလာလေတော့ ဆက်သွယ်မှု ပြင်ပရောက်နေတဲ့ နေရပ် ရင်းက အကြောင်းတွေကလည်း ဝေးရာကနေ နည်းနည်းတော့ နီးလာသလို ခံစားရတယ်ပေါ့ဗျာ။

စိတ်အထင်နဲ့ လွမ်းခဲ့ရတာတွေက မျက်အမြင်သာမက နားအကြားအထိ အိမ်ချင်းကပ်စကားပြောရ
သလို ခေတ်ကလွယ်ကူလာတာကိုး၊ လွန်ခဲ့တဲ့အနှစ်သုံးဆယ်က လက်ကျန်ဘော်ဒါဟောင်းကြီးတွေ
ကလည်း လိုင်းပေါ်မှာ တစတစ ပြန်ပြန်ပေါ်လာတော့ စာတတန်ပေတတန် ခေါ်မကြားအော်မကြား
ခေတ်ဆိုးကြီးကလို အဆက်သွယ်ဖြတ်ထားလို့က မရပေတော့ဘူးပေါ့၊ အဲတော့ အတိတ်ဟောင်းကို
ဝိုင်လေးတခွက်သောက်လိုက် စာလေးတကြောင်း နှစ်ကြောင်းရေးလိုက်နဲ့ အလွမ်းဓါတ်အားဖြည့်ပြီး ခပ် ဝေးဝေးကနေ တိတ်တဆိတ်လေး လွမ်းရုံလေးသာ လွမ်းကောင်းနေတဲ့ကောင်လည်း ဒီအတိုင်း ဘယ်လိုလို့ ဆက်နေလို့ ရတော့မှာလည်းနော့့်။

အဲဒီလို နာမည်ရင်းနဲ့ ပြန်လည်အဆက်ရလာသူတွေ များများလာတော့လည့်း့
ကိုစံရွှေမြင့်ရေ့ အဲဒါကြောင့် ခင်ဗျားကို စိတ်ထဲ မှတ်မှတ်ထင်ထင် ပြန်ရမိလာတာပေါ့ဗျာ။

ကိုစံရွှေမြင့်ရေ့
ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက် ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့
ကျင်လည်ခဲ့ရတဲ့ နယ်တွေထဲမှာတော့ ထီလာနယ်က မှတ်မှတ်ရရ အရှိခဲ့ဆုံးပေါ့။

ဒါကြောင့် တခါကနေ့ရက်များအကြောင်း စဉ်းစားမိရင် ထိပ်ဆုံးက ပေါ်ပေါ်လာတာပေါ့ဗျာ၊
ဘဝမှာ ပထမအဦးပိုင်း နေခဲ့ရတဲ့ ဟင်္သာတတို့ ပုသိမ်တို့ကတော့ ကံသိပ်မတိုက်ဆိုင်ခဲ့လို့
ပြန်မနင်းဖြစ်ခဲ့ပေမယ့် ထီလာမြေကတော့ တိုက်ဆိုင်မှုများခဲ့ အကြိမ်များများ နင်းခွင့်ရခဲ့တဲ့မြေပေါ့။

ခင်ဗျားကတော့ ပြောမှာပေါ့့  အေ့း့ မင်းမှတ်ထာ့း့ ဆယ့်ခြောက်နှစ်သား
ဘဝဆိုတာ ဆယ့်ခြောက် သုံးလီ လေးဆယ့်ရှစ် ဆယ့်ခြောက် လေးလီ ခြောက်ဆယ့်လေး
ဆယ့်ခြောက် ငါးလီ ရှစ်ဆယ် ဘယ်တော့ ဘယ်အချိန် ပြန်တွေးတွေး အဲအချိန်က စပြန်တွေး
တတ်တာ လူ့သဘာဝပေါ့ကွာ ဟုတ်မယ်မှလာ့း့ ခင်ဗျား ပြောမှာ သေချာတယ်။

မောင်ရင်ငတေ ၂၈၀၇၂၀၁၇ 



နှစ်ဆယ်ကျော်အလွမ်း
တခါကနေ့ရက်များ (၅)
မောင်ရင်ငတေ ၂၈၀၇၂၀၁၇

mercredi 16 août 2017

** * ဝမ်းယူရိုတန် နိုင်ငံရပ်ခြားခရီး ** *

ပါရီရှန်ဂန် အစုန်အဆန် (ခရီးမှတ်တမ်း ပုံရိပ်များ)
ပင်လယ်မရှိသောမြေသို့ စာစု () (ဝမ်းယူရိုတန် နိုင်ငံရပ်ခြားခရီး)


ဝမ်းယူရိုတန် နိုင်ငံရပ်ခြားခရီး Bratislava-Vienna = 1 Euro                          (ဓါတ်ပုံ မရငတ)

ဝမ်းယူရိုတန် နိုင်ငံရပ်ခြားခရီ့း့
့
ဘတ်စ်ကား လိုင်းကားစီးပြီး သွားခဲ့တာပါ၊
မယုံမရှိကြပါနဲ့ ခင်ဗျာ၊ တကယ်ကို သွားဖြစ်ခဲ့ပါတဲ့ ခရီးတခုပါ၊
ရှန်ဂန်ဗီဇာဧရိယာထဲ ပါဝင်တဲ့ နိုင်ငံနှစ်ခုကို သွားတာ ဖြစ်လို့ ဗီဇာလည်း မလိုပါဘူး၊
မောင်ရင်ငတေကတော့ အွန်လိုင်းကနေ ကြိုတင်လက်မှတ် ဝယ်ယူပြီးမှ သွားခဲ့ခြင်းဖြစ်ပါတယ်။

အွန်လိုင်းက အဲဒီ ဝမ်းယူရိုလက်မှတ်ကို ဝယ်နေစဉ်ကတော့ ဟုတ်မှဟုတ်ပါမလားလို့ ယုံရခက်ခက် ဖြစ်နေသေးပါတယ်၊ ဆုံးလည်း ဝမ်းယူရို ဘာဖြစ်သေးလည်းကွာဆိုပြီး စွန့်လွှတ်စိတ်နဲ့ ဝယ်ခဲ့တာပါ၊ တကယ်တမ်း အဲဒီမြေကိုနင်း အဲဒီကားဂိတ်ကိုရောက်တော့ ဝမ်းယူရိုဝမ်းယူရို ကြော်ငြာတွေ ပလူပျံ တွေ့လိုက်ရတော့ ဟုတ်ချေသားလို့သာ စိတ်ဒုံးဒုံးချ ယုံလိုက်မိရပါတော့တယ်။

နှစ်နိုင်ငံကူး ခရီး ဆိုပေမယ့်လည်း အဲဒီ ခရီးက သိပ်အဝေးကြီးတော့ မဟုတ်ပါဘူး၊
ဆလိုဗားကီးယားမြို့တော် ဘရာတီဆလာဗာက သြစတြီးယားမြို့တော် ဗီယန်နာကိုသွားတဲ့ ခရီးပါ၊
ကီလိုမီတာ ခြောက်ဆယ်ကျော်ကျော် မိုင်အားဖြင့် လေးဆယ်သာသာလောက်မို့ ရန်ကုန်နဲ့ ပဂိုးခရီး မန္တလေးနဲ့ မေမြို့ ခရီးသာသာ ကွာဝေးတာပါ။

တကယ်တော့ သြစတြီးယားနဲ့ ဆလိုဗားကီးယား နိုင်ငံတွေက အလျှားရှည်တဲ့ နိုင်ငံတွေလို့ ပြောလို့ ရပါတယ်၊ သြစတြီးယားအနောက်စွန်း လက်ရှ်ချင်စတိုင်းတို့ ဆွစ်ဇာလန်တို့ရဲ့နယ်စပ်မြို့ Feldkirch မြို့ကနေ ဆလိုဗားကီးယား အရှေ့ဖျား ယူကရိန်းတို့ ပိုလန်တို့ နယ်စပ်က Ubľa မြို့ကို ကီလိုမီတာ တထောင့်နှစ်ရာကျော် သုံးရာလောက် ဝေးတာပါ၊ ဒါပေမယ့် အဲဒီ နှစ်နိုင်ငံမြို့တော်တွေက တမြို့က အရှေ့ဖျားစွန်းနားမှာ တမြို့က အနောက်ဖျားစွန်း ကပ်ရက်မှာ တည်ရှိနေကြလို့ မြို့ညီနောင်သဖွယ် သမိုင်းတလျှောက်မှာ တည်ရှိခဲ့ပါတယ်ပြောရင် မမှားနိုင်ပါဘူး၊ အဲနှစ်မြို့ဝေးတာကလည်း မိုင်ပေါင်း ၄၀ နီးပါးမျှသာရှိတဲ့အပြင် ဒန်ညုမြစ်ကမ်းနဘေးမှာ တည်ရှိကြမို့ ကူးလူးဆက်ဆံမှုတွေက ရှေးယ္ခင် လှေခေတ် လှည်းခေတ် ကာလတွေထဲကပင် အများအပြားရှိခဲ့မှာ သေချာလှပါတယ်။

ရောမခေတ်က တောင်ဖျား အီတလီ ဂရိဘက်ကနေ မြောက်ဖျား ပိုလန်တို့ ရုရှားဘက်တို့ကို ပယင်း ရှာဖွေဖို့အတွက် သွားခဲ့ကြတဲ့ ကုန်သွယ်လမ်းကြောင်း Amber Road ဆိုတာကြီးရဲ့ ခရီးတထောက် ကွန်းခိုနားရာ ရပ်ဝန်းလည်း ဖြစ်ခဲ့ဖူးပါတယ်။


Bratislava-Viedeň = 1 Euro                                                              (ဓါတ်ပုံ မရငတ)

Slovak Lines, Bratislava-Viedeň = 1 Euro                                            (ဓါတ်ပုံ မရငတ)

Bratislava-Viedeň = 1 Euro                                
မောင်ရင်ငတေကသာ ခရီးတခုမသွားခင် သေချာရေရာအောင် လက်မှတ်ကြိုဝယ်ထားချင်တဲ့ စိုးရိမ် စိတ် ကဲနေလို့ ကြိုတင်ဘွတ်ကင်လုပ် ဝယ်ယူဖြစ်ခဲ့ရခြင်းပါ၊ သူတို့ဒေသခံတွေ သိရင်တော့ ရယ်ချင်
မိကြမှာပါ၊ ဒီ ဘတ်စ်ကားလိုင်း လက်မှတ်က ရပ်တဲ့ မှတ်တိုင်တိုင်းက စက်တွေမှာ အလွယ်တကူနဲ့ ဝယ်လို့ရပါတယ်၊ အကြွေလေး တကျပ်ထည့် ဘုလေးနှိပ်လိုက်ရင် တစ်ခ်ကက်လေးက လျှောကနဲနဲ့ ထွက်လာမှာပါ၊ အဲဒါလေး အသာကိုင် ကားပေါ်တက်ရုံပါ၊ နယ်စပ်ဖြတ်ကျော်ရမှာဖြစ်လို့ အိုင်ဒီလေး ပတ်စ်ပို့စ်လေးတွေတော့ အဆင်သင့် ဆောင်လာခဲ့ဖို့ လိုအပ်ပါတယ်။

ဒီလို လတ်မှတ်မျိုးကို အွန်လိုင်းမှာတော့ Hot Ticket လို့ ခေါ်ကြ ရေးကြပါတယ်၊
ဈေးနှုန်း ချထားတာမျိုးလည်း မဟုတ်ပါဘဲ မယုံနိုင်ဖွယ်ရာ သက်သာတဲ့ နှုန်းထားနဲ့ ခရီးသွားသူများ
အကြား ရေပန်းစားနေတဲ့ လက်မှတ် အမျိုးအစားလို့ မောင်ရင်ငတေ ဘာသာပြန်လိုက်ပါတယ်။

Viedeň ဆိုတာက ဗီယာနာ (သို့) ဗီယန်နာ ကို သူတို့ ဆလိုဗက်တွေရဲ့ စာနဲ့ ရေးတာပါ၊
အင်္ဂလိပ်တွေက Vienna ဗီယန်နာ ပြင်သစ်တွေအခေါ်က Vienne ဗီယန်န်း ဆလိုဗက်တွေကတော့ Viedeň ဗီးဒင်းန် သူတို့ သြစတြီးယန်းတွေပြောတဲ့ ဂျာမန်စကားနဲ့ကတော့ Wien ဗီးန်န်ပေါ့ဗျာ၊ မူလ ဒေသခံ Austro - Bavarois ခေါ် ဂျာမန်ကြီးတွေ ဖြစ်ကြတဲ့ Oberdeutsch အိုဘာဒွိုက်ခ်ျတွေရဲ့ စာ စကားနဲ့ရေးရင်တော့ Wean လို့ရေးကြပါတယ်၊ ဘူတာတွေ ကားလမ်းညွှန် ဆိုင်းဘုတ်တွေမှာတော့ အများအားဖြင့် Wien လို့သာ ရေးထားတာကိုတွေ့ရမှာမို့ ရုတ်တရက်ဆို ကြောင်သွားတတ်ပါတယ်။

အဲလို တယူရိုတန် ကားလိုင်းတွေကတော့ ဘယ်နှစ်လိုင်းရှိမလဲတော့ မသိပါဘူး၊ မောင်ရင်ငတေတို့ စီးဖြစ်ခဲ့တာက Slovak Lines ဆလိုဗက်လိုင်းအနီရောင်ပါ၊ အဝါရောင် ချက်ကားလိုင်း အစိမ်းရောင် ဂျာမန်လိုင်းတွေလည်း ဒီခရီးစဉ်လေးမှာ အပြိုင်အဆိုင်အရှုံးခံ ဝင်ရောက် ပြေးဆွဲနေကြပုံ ရပါတယ်၊
အဝါရောင် ရေဂျီယိုဂျက်ကတော့ ဘရာတီဆလာဗာ အလာခရီးစဉ်မှာစီးဖို့ ရည်ရွယ် ဝယ်ခဲ့ပြီးပြီမို့ ဒီ
အနီရောင်ရဲရဲ ဆလိုဗက်ကားကို စီးကြည့်ဖို့ ရွေးချယ် ဝယ်ဖြစ်ခဲ့ခြင်းပါ။



Trolejbus Škoda 31Tr SOR (Trolejbusová doprava v Bratislave)              (ဓါတ်ပုံ မရငတ)

ဘရာတီဆလာဗာ-ဗီယန်နာသွားတဲ့ ရေဂျီယိုဂျက်လို ကားလိုင်းတချို့ကတော့ မြို့လယ်အနီးဟိုနား
ဒီနားသွားတဲ့ ဂိတ်မျိုးကနေ စထွက်ပေမယ့် မောင်ရင်ငတေ ဝယ်ထားမိတဲ့ ဆလိုဗက် လိုင်းကတော့ ကားကြီးဂိတ်ဝင်းမှာ တည်ရှိပါတယ်၊ မြို့လယ်မှတ်တိုင်ကနေ စီးလို့ရပေမယ့်လည်း ကားကြီးဂိတ်က
စစီးကြည့်ချင်လို့ ဂိတ်ဘက်ကိုသွားဖို့ ဆုံးဖြတ်ခဲ့ခြင်းပါ။

တည်းခိုရာကနေ ကားကြီးဂိတ်က သိပ်မဝေးလှသလို ကျောပိုးအိတ်အလတ် တလုံးသာပါလို့ လမ်း လျှောက်၍ သွားဖြစ်ပါတယ်၊ ဟော်တယ် စငှားစဉ်တည်းက လမ်းကြောသင့်တာကို ရွေးချယ်ခဲ့တာမို့
ဘတ်စ်ကားခ ထပ်မကုန်တော့ဘူးပေါ့၊ ချွေတာရေးသမားစစ်စစ် မောင်ရင်ငတေ့အနေနဲ့ ဘတ်ဂျက်
အပွန်းအရှ မခံနိုင်ဘူးလေ၊ အဲဒီလို လမ်းလျှောက်သွားရင်းက မြင်မြင်သမျှ မှတ်တမ်းပြုရတာလည်း မောင်ရင်ငတေရဲ့ အကျင့်ကောင်းတခု မဟုတ်ပေဘူးလား။

ဘရာတီဆလာဗာ မြို့က ခပ်ကျဉ်းကျဉ်း မြို့တော်ငယ်လေးသာမို့ ဘတ်စ်ကားတွေ ဓါတ်ရထားတွေ သိပ်သုံးစရာ မလိုအပ်ပါဘူး၊ မောင်ရင်ငတေတို့ နှစ်ညအိပ်သုံးရက် နေဖြစ်ခဲ့တာမှာ တခါနှစ်ခါမျှသာ စီးဖြစ်ခဲ့ပါတယ်၊ ဒီမြို့က ဘတ်စ်ကား ဓါတ်ရထား စီးဖူးတယ်ရှိအောင် စီးရတာလည်း ပါတာပေါ့။

နှစ်လိုဖွယ်ရာ ကောင်းလှပါတဲ့ အဲဒီမြို့တော်သေးသေးလေးအကြောင်းနဲ့ အနီရောင်ရဲရဲ TrolleyBus ထရော်လီဘတ်စ် သို့မဟုတ် ဓါတ်ဘတ်စ်ကားတွေရဲ့အကြောင်းကိုတော့ နောက်များမှ ပေါင်းစပ်လို့ ရေးပါဦးမယ်၊ အခုတော့ ရေးထားပြီးသမျှသောအတိုအစတွေထဲက သွားရင်းလာရင်း မြင်တွေ့ခဲ့ရတဲ့ ကားလမ်းနဘေး အတွေ့ကြုံတွေကိုသာ ခရီးမှတ်တမ်း ပုံရိပ်များအဖြစ် ရေးလိုက်ရခြင်း ဖြစ်ပါတယ်။


Bratislava Autobusová Stanica (Central Bus Station)                             (ဓါတ်ပုံ မရငတ)

ကားကြီးဂိတ် အဆောက်အဦးကတော့ ကြီးကျယ်ခမ်းနားလှခြင်း သိပ်မရှိပါဘူး၊ သာမန်မျှသာပါ၊

ကားဂိတ်ရောက်ပြီး ထွက်မယ့်ဂိတ်နံပတ်ကို ရှာတွေ့တော့ ကားကဂိတ်မထိုးလာသေးပါဘူး၊ တခဏ အကြာမှာတော့ အနီရောင်ရဲရဲဝမ်းယူရိုကားကြီး ရောက်ရှိလာပါပြီ၊ တန်းစီစောင့်နေသူက သိပ်မများ တာကြောင့် မောင်ရင်ငတေကတော့ နောက်မှအသာတက်လိုက်ပါတယ်၊ မှတ်တမ်းယူဖို့ နောက်ချန် တန်းစီရခြင်းလည်း ဖြစ်တာပေါ့၊ ဝမ်းယူရိုတန် ကားပေမယ့် အထင်မသေးလိုက်ကြပါနဲ့၊ ထွက်ခွာချိန် ကတော့ တိလည်းတိကျ မှန်လည်းမှန်ကန် လှပါပေတယ်။


Slovak Lines                                                                                    (ဓါတ်ပုံ မရငတ)

ဒီဆလိုဗက်ကားလိုင်းက တနာရီ တစီး ထွက်ပါတယ်၊ လူသွားလူလာများတဲ့ အချိန်မှာတော့ ဒီထက်
အစီးရေများများ ပိုဆွဲမယ် ထင်ပါတယ်၊ တခြားဘတ်စ်ကားလိုင်း သုံးလေးငါးလိုင်းအပြင် မီးရထားနဲ့
သွားချင်က သွားလို့ရတယ်ဆိုတော့ ခရီးသွားသူတွေအတွက် သွားချင်တဲ့ အချိန်မှာ ကောက်ခါငင်ခါ ဖုတ်ဖက်ခါ ထသွားလို့ရတဲ့ သဘောပါ။

ကားပေါ်မှာတော့ ခရီးသည်က အသင့်အတင့်သာ ပါပါတယ်၊ မောင်ရင်ငတေတို့ပုံစံ အရှေ့အာရှက မလေးလိုလို အင်ဒိုလိုလို တယောက်စနှစ်ယောက်စရယ်၊ တရုတ်လိုလို ကိုရီးယန်းလိုလို ဂျပန်လိုလို ပုတုတု ခပ်သေးသေး ကောင်မလေး သုံးလေးဦးရယ်၊ အမေရိကန် အင်္ဂလိစ်ရှ်စကား ဟောင်ဖွာဖွာနဲ့ ပြောလာကြသူ ထောင်ထောင်မောင်းမောင်း ဗိုက်ခပ်ရွှဲရွှဲ ဖိုးကြီးအိုဖွားကြီးအို လေးငါးယောက်တစုနဲ့
တလမ်းလုံးလို ဖရန့်ကစ်စ်တွေနဲ့ ကဲလာကြတဲ့ မြင်းမြီးရောင်ဆံပင် မျက်လုံးပြာပြာနဲ့ စုံတွဲတတွဲရယ် ပါပါတယ်၊ အများစုကတော့ ဒေသခံ အလုပ်သမား လယ်သမား ကျောင်းသူ ကျောင်းသားလေးတွေ သာ ဖြစ်ပုံရပါတယ်၊ အများအားဖြင့်ကတော့ အလုပ်သွား ကျောင်းသွား ဈေးဝယ်သွားကြလာကြတဲ့
ပုံစံမျိုး ကျောပိုးအိတ်လေးတလုံး ဈေးဝယ်အိတ်လေးတလုံးနဲ့ သုံးလေးငါးမှတ်တိုင်သာ ဘတ်စ်ကား

လိုင်းကားစီးကြတဲ့ဟန်သာ ပေါက်တာပါ။



ဥရောပအမြန်လမ်း အီး ၅၈ နဲ့ အီး ၆၅ တို့ ဆုံဆည်းရာ                                   (ဓါတ်ပုံ မရငတ)

ဘရာတီဆလာဗာကားဂိတ်ကနေ ထွက်လာပြီးနောက် လေးငါးမိနစ် မကြာလိုက်ပါဘူး၊ ကားပေါ်မှာ နေရာတကျတောင်မှ မထိုင်ရသေးတဲ့သူတွေလည်း ရှိနေဆဲပါ၊ စလိုဗားကီးယားရဲ့ ဟိုင်းဝေးအမှတ် ၆၁ သို့မဟုတ် Route Européenne 58 (E58) ပေါ်သို့ ရောက်ရှိ လာခြင်းပါ၊ အီး ၅၈ လမ်းမကြီးက
ဗီယန်နာ-ဘရာတီဆလာဗာကနေ ယူကရိန်း ရူမားနီးယား မိုလ်ဒိုဗာ မှတဆင့် ရုရှားပြည်ကို ရောက် ရှိမယ့် ဥရောပ အရှေ့နဲ့အနောက်ပိုင်းကို ဆက်သွယ်ထားတဲ့ မိုင်တသောင်းလေးထောင်ခန့် ရှည်တဲ့ အမြန်လမ်းမကြီး တစင်းပါ၊ သို့ပေမယ့် ဗီယန်နာနဲ့ ဘရာတီဆလာဗာ လမ်းပိုင်းကလွဲလို့ အများစုက ကျေးလက်လမ်း ခရိုင်လမ်း အဆင့်မှာသာ ရှိနေဆဲပါ၊ တိုးချဲ့ဖောက်နေဆဲပါ။


မကြာခင်မှာတော့ နှစ်ထပ်လမ်းတွေနဲ့ လမ်းဆုံခပ်ကြီးကြီးတခုကို ရောက်ရှိခဲ့လာပြီး နယ်စပ်ဂိတ်ကို ဖြတ်ကျော်ပါတယ်။ ဒါပေမယ့် သတိမထားမိရင် သိလိုက်မှာတောင်မဟုတ်တဲ့ နယ်ခြားဖြတ်ကျော်မှု တခုပါ၊ နယ်ခြားဖြတ်ကျော်ရာမှာတော့ ကားက ဥရောပအမြန်လမ်း အီး ၅၈ လမ်းအတိုင်း သွားတာ မဟုတ်ပါဘူး၊ I/61 (Slovensko) လမ်းအမှတ် ၆၁ လမ်းအတိုင်း သွားတာပါ၊ အဲလမ်းဆုံက အီး ၅၈ နဲ့ အီး ၆၅ တို့ ဆုံဆည်းရာလည်း ဖြစ်ပါတယ်။

jeudi 3 août 2017

Bratislava-Vienna = 1 Euro

 လှပတဲ့ သာယာတဲ့ (ဝမ်းယူရိုတန် နိုင်ငံရပ်ခြားခရီး) တစိတ်တပိုင်း

dimanche 30 juillet 2017

** * အမ်ဝမ်း အမြန်လမ်းမကြီးပေါ်က အဝါရောင် ရေဂျီယိုဂျက် ** *

ပါရီရှန်ဂန် အစုန်အဆန် (ခရီးမှတ်တမ်း ပုံရိပ်များ)
ပင်လယ်မရှိသောမြေသို့ စာစု (၂) (အမ်ဝမ်း အမြန်လမ်းမကြီးပေါ်က အဝါရောင် ရေဂျီယိုဂျက်)




လမ်းနဘေးက ရေဂျီယိုဂျက် စတူးဒန့်အေဂျင်စီ ကားကြီးဂိတ်                                  (ဓါတ်ပုံ မရငတ)

ကားကြီးဂိတ်ဝင်းထဲ တပတ်ပတ်ရှာမေး၊ သူတို့ လမ်းညွှန်ချက်အရ လမ်းတဘက်ကိုကူး လိုက်ပို့လေ သူတွေနဲ့ ပိုက်စိတ်တိုက် လိုက်ရှာလိုက်တော့ မိုင်ဝက်လောက်ပတ်မိမှ ရှာတွေ့ပါတယ် ကားဂိတ်ကို၊
တကယ့်ကားဂိတ်ဝင်းကြီးထဲမှာ ဂိတ်မရှိတဲ့ အဝါရောင် ရေဂျီယိုဂျက် စတူးဒန့်အေဂျင်စီ ကားရပ်နား ရာကတော့ လမ်းဆုံတဘက်က ဘတ်စ်ကားမှတ်တိုင်သာသာမှာပါ၊ မှတ်တိုင်အနီးမှာတော့ အအေး
ဆိုင်လေးတဆိုင်တော့ ခြောက်ကပ်ကပ်နဲ့ ရှိနေလေရဲ့။

မေးမြန်းကြည့် သေချာပြီဆိုမှ လွယ်လာတဲ့ ကျောပိုးအိတ်တွေကိုချ လိုက်ပို့ကြသူနှစ်ဦးကို ဘာစားမ လဲ ဘာသောက်မလဲ မေးပြီး ဆိုင်ရှင် ဟန်ဂေရီးယန်းသူကို ဘာရမလဲ မေးလိုက်ပါတယ်၊ နံရံမှာကပ် မီနူးတွေအရကတော့ ဆန်းဒဝစ်တို့ ပေါင်မုန့်မီးကင်တို့ ဥရောပခေါက်မုန့်တို့ ပါနီနီတို့ပီဇာတို့ အသေး စား ရယ်ဒီမိတ် မီးအပူပေးရုံနဲ့ စားလို့ရတဲ့ စားစရာလေးတွေ ပါဝင်နေပေမယ့် ပြန်နွှေး မီးအပူပေးတဲ့ စက်ကမကောင်းလို့ ဘာမှမရပါဘူးတဲ့၊ အဲဒါနဲ့ လွယ်လွယ်ရတဲ့ အအေးမှာပေးပြီး မောင်ရင်ငတေတို့ ကတော့ စည်ဘီယာ အေးအေးနဲ့ ဘူဒါပက်ရဲ့ နေအပူကို အန်တုရပါတယ်၊ ဟန်ဂေရီရဲ့ စည်ဘီယာ ဈေးနှုန်းကလည်း ငါးဆယ်စီစီ တခွက်ကိုမှ နှစ်ယူရိုအောက်သာသာရှိနေလေတော့ ရောက်ခဲ့ဖူးပါတဲ့
ဥရောပ တလွှားမှာ ဈေးအသက်သာဆုံးလို့သာ ဆိုရမှာမို့ အားပေးရခြင်းပါ။

ခရီးသွားမည့်သူများလည်း အိတ်ကြီးအိတ်ငယ်ကိုယ်စီလွယ်ပြီး ချွေးတလုံးလုံးနဲ့ ရောက်လာကြပါပြီ၊
အားလုံးလိုလိုရဲ့ ပုံပန်းသဏ္ဍာန်တွေက ကားဂိတ် ချက်ချင်း ရှာမရလို့ စိတ်မောလူမော ဖြစ်နေကြတဲ့ ပုံစံတူတွေသာပါ၊ မောင်ရင်ငတေကတော့ ခပ်စောစောလေး ရောက်လာခဲ့လို့ရယ် ဘူဒါပက် ဘီယာ ခပ်အေးအေးကြောင့်ရယ် ချွေးတိတ်စ ပြုနေပါပြီ။

လိုက်ပို့ကြသူတွေပြန်သွားပြီး မကြာခင်မှာ ရေဂျီယိုဂျက်အဝါရောင်ကားကြီး နှစ်စီးသုံးစီး ဆက်တိုက် ဆိုသလို ရောက်လာပါတယ်၊ ပထမဝင်လာတဲ့ ကားဝါဝါကြီးက ဆာဘီးယားရဲ့ မြို့တော် Belgrade ဘဲလ်ဂရိတ်လို့ ခေါ်ကြပါတဲ့ Београд (Beograd) ဘယ်အိုဂရက်ဆီကို ဦးတည်သွားမယ့် ကားပါ။

ခလေးသူငယ်အများအပြားနဲ့ မိသားစုနှစ်စုသုံးစုက အိတ်ကြီးအိတ်ငယ်တွေနဲ့အတူ ကားပေါ်တက်ဖို့ အလုအယက် တွန်းထိုး တန်းစီလို့ နေကြပါတယ်၊ မောင်ရင်ငတေလည်း သူတို့နဲ့ ခရီးတူ မဟုတ်ဘူး ဆိုတော့မှ အနည်းငယ် စိတ်သက်သာရာ ရရှိသွားပြီး နောက်မှာ ကပ်ထိုးလာတဲ့ ဘရာတီဆလာဗာ ကားပေါ်တက်ဖို့ နေရာယူမိရပါတယ်၊ အဲဒီအုပ်စုလိုမျိုးနဲ့ တခရီးတည်း သုံးလေးနာရီ သွားရရင် ငိုသူ ယိုသူအော်သူ များတတ်လို့ စိတ်အာရုံနောက်ပြီး မောင်ရင်ငတေ့ ခရီးသွားခြင်းအနုပညာ ဖီလင်များ အောက်တတ်လို့ပါ၊ တခြားအကြောင်းတော့ မရှိပါဘူး။



ရေဂျီယိုဂျက် စတူးဒန့်အေဂျင်စီ                                                                       (ဓါတ်ပုံ မရငတ)

ကားပေါ်ရောက်တော့ လူ သိပ်မရှိပါဘူး၊ ထိုင်စရာခုံ အလွတ်တွေ တော်တော်များများ ရှိနေပါတယ်၊
အဲဒါနဲ့ နောက်နား သိပ်မရောက်တဲ့ ခုံကိုရွေး နေရာယူပါတယ်၊ ကားက နေ့လည် ၁၄ နာရီ ၄၅ မိနစ် အတိအကျ နီးပါး စတင်ထွက်ပါတယ်၊ ခရီးလမ်းကြောင်းက အနောက်ကနေ အရှေ့ကို သွားရမှာဆို
တော့ နေကကားခေါင်းတည်ရာမို့လို့ ဘယ်ဘက်ထိုင်ထိုင် ညာဘက်ထိုင်ထိုင် နေပူသိပ်မကွာပါဘူး၊ ရှေ့နားကတော့ လူနည်းနည်း များတတ်တာမို့ မောင်ရင်ငတေက လူရှင်းတဲ့ အနောက်ဘက်ကိုသာ ရွေးထိုင်ဖြစ်တာ များပါတယ်။

RegioJet
Autobusová Stanica (AS) Mlynské Nivy, Bratislava AS Mlynské Nivy

ဒီကားလိုင်းက RegioJet နဲ့ Student Agency နှစ်ခုပေါင်းပြီး အောင်မြင်လာတဲ့ အလယ်ဥရောပရဲ့ အဝေးပြေး ဘတ်စ်ကားလိုင်းပါ၊ Open Access Operator အဖြစ်အောင်မြင်လာတဲ့ လုပ်ငန်းတခုပါ၊
ချက်ပြည်ထောင်စုမှာ လုပ်ငန်းရုံးချုပ်တည်ရှိပါတယ်၊ တည်ထောင်သူကတော့ Radim Jančura ပါ။

၁၉၉၆ ခုနှစ်မှာ အဝေးပြေး ဘတ်စ်ကားလိုင်းလုပ်ငန်းကို စတင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ RegioJet ကို ထူထောင်ခဲ့ပြီး ရထားပြေးဆွဲခြင်း လုပ်ငန်းကို ပူးတွဲ လုပ်ဆောင် အောင်မြင်မှု ရရှိလာခဲ့တာပါ။

လက်မှတ်ခကတော့ ကြိုတင်ဝယ်ထားတာကြောင့်ရော ဒီ အလယ်ဥရောပ ဒေသတွေရဲ့ ကုန်းလမ်း ပို့ဆောင်ရေး လက်မှတ်ခတွေက အနောက်ဥရောပထက် သက်သာတာကြောင့်ရော ၁၀ ယူရိုမျှသာ ပေးဝယ်ခဲ့ရပါတယ်၊ ကီလိုမီတာ နှစ်ရာကျော် ခရီးကို ဆယ်ယူရို ဆိုတာက တန်တယ် ပြောရမှာပါ။

၂၀၁၀ ခုနှစ် နောက်ပိုင်းမှာ ဥရောပ ကုန်းလမ်းခရီးသွားလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ချယ်လှယ် စိုးမိုးနေတဲ့ Eurolines ယူရိုလိုင်း တလိုင်းသာ ရှိနေရာကနေမှ (ဂျာမဏီရဲ့ Deutsche Touring တို့ ယူကေရဲ့ National Express Group တို့ ရှိခဲ့ပေမယ့် သိပ် မထင်ပေါ်လှပါဘူး၊) ဥပဒေတွေ ပြောင်း လဲ လိုက်နိုင်ခဲ့လို့ အခုအခါမှာတော့ လိုင်းသစ်တော်တော်များများ ပေါ်ပေါက်လာတယ် ပြောရမှာပါ။

အဲဒီလို လိုင်းတွေထဲမှာ အလယ်ဥရောပရဲ့ မူလလက်ဟောင်း ရေဂျီယိုဂျက် လိုင်းကလည်း တစစနဲ့  ပိုမိုထင်ပေါ်လာတဲ့လိုင်းပါ၊ ဂျာမဏီရဲ့ Flixbus (MeinFernbus) အစိမ်းရောင် ဘတ်စ်လိုင်းကတော့ ဈေးကွက် တော်တော်များများကို ဈေးသက်သာစွာနဲ့ ထိမ်းချုပ်နိုင်နေပြီ ဆိုတာကိုတော့ နောက်များ အလျဉ်းသင့်လို့ ထပ်မံ စီးဖြစ်ခဲ့ရင် ရေးဖို့ကြိုးစားပါဦးမယ်၊ ၂၀၁၁ ခုနှစ်မှာ မြူးနစ်မြို့မှာ စတင်တည် ထောင်ခဲ့ပြီး ကိုယ်ပိုင်ဘတ်စ်ကား တစီးမှမရှိတဲ့ လိုင်းတလိုင်းက ဥရောပ အမြန်လမ်းမကြီးတွေပေါ် မှာ တနေ့တနေ့ ခရီးသည် ခွန်နှသောင်းကျော် ရှစ်သောင်း (တနှစ်မှာ သန်း ၃၀ လောက်) ပို့ဆောင် ပေးနေနိုင်တယ် ဆိုတာကတော့ ဘယ်လို ဘယ်လိုများ ဘယ်သူ ဘယ်သူတွေများ နောက်ကွယ်က ကြိုးကိုင် ချယ်လှယ်နေကြပါသလဲဆိုတာ သံသယရှိစရာပါ၊ ခုတော့ ရေဂျီယိုဂျက်အကြောင်းကိုသာ ဟန်ဂေရီရဲ့ အမ်ဝမ်း အမြန်လမ်းမကြီးနဲ့ မြင်ရကြုံခဲ့ရတာတွေကို ဆက်စပ် ရေးဖို့ ကြိုးစားပါမယ်။

ဒါပေမယ့်လည်း မောင်ရင်ငတေတို့လို သာမန်ခရီးသွားတွေအတွက်ကတော့ တီဂျီဗွီလို အိုင်စီအီးလို

တာလေလို ယူရိုစတားလို အမြန်ရထား ဈေးနှုန်းကို လိုက်မမီနိုင်သူတွေအတွက် ဟိုနားဒီနား ကီလို မီတာ နှစ်ရာသုံးရာ အဝေးကို ယူရိုကိုးကျပ်တဆယ်နဲ့ သွားလို့ရနေတဲ့ အဲဒီ အစိမ်းရောင် အဝါရောင် အပြာနုရောင် လိုင်းကားတွေကိုစီးရင်း ဒိုးရတော့မယ်အချစ်ရေ စာသားကို သတိတရအော်ကြရင်းနဲ့ သူတို့တတွေကို အားကိုးရတာ အမှန်ပါ၊ ဈေးကလည်း သာမန် အချိန်တွေမှာ ကြိုတင် ဝယ်ထားရင် ယူရို တဆယ် မပြည့်ပါဘူး၊ တခါတလေများ ကီလိုမီတာ တရာ့ငါးဆယ် နှစ်ရာခရီးကို အသွား လေး ငါးယူရို အပြန်တော့ လျှော့ဈေး တယူရိုတန်ခရီးတွေ ရှိတတ်ကြောင်းပါ၊ အခုတော့ စီးသူကများလာ သိသူများလာလို့ ငါးကျပ်တန်ခရီးတွေက လူသူမသွားတဲ့ အချိန်အခါမျိုးတွေမှာသာ ရှိပါတော့တယ်။


Margit-sziget (Margaret Island) Middle of the Danube in Budapest             (ဓါတ်ပုံ မရငတ)

ကားဂိတ်က စထွက်လာပြီး သိပ်မကြာခင်မှာ ဒန်ညုမြစ်ကို ဖြတ်ကျော်ပါတယ်၊ ဟန်ဂေရီ သို့မဟုတ် သူတို့ဒေသခံတွေအခေါ် Magyarország မာဂရာရိုရာဆတ်ဂ်ရဲ့မြို့တော်ကြီးကို ကျောခိုင်းထွက်ခွာ လာခဲ့ခြင်းပါ၊ မောင်ရင်ငတေ့အတွက် ရှန်ဂန်ဧရိယာဝင် နိုင်ငံတွေထဲက မရောက်ဖူးသေးသော နိုင်ငံ နှစ်နိုင်ငံ နယ်စပ်ကို ဖြတ်ကျော်ကူးသန်းမယ့် ဘတ်စ်ကားစီး ခရီးတခုပါ ခင်ဗျာ။

ဘူဒါပက်တခွင်အနှံ့ ကြိုဆိုဧည့်ခံ လိုက်လံပို့ဆောင်ပေးခဲ့ကြတဲ့ ရန်ကုန်တက္ကသိုလ် အိုင်အာဌာနက ဆရာနဲ့ မန်းတက္ကသိုလ် သမိုင်းဌာနက ဆရာမ အပါအဝင် ညစာ ဗမာဟင်းမျိုးစုံလင်စွာနဲ့ တည်ခင်း ဧည့်ခံခဲ့တဲ့ ယူအန်ရုံးမှ အန်တီကြီးကို ဒီနေရာကနေ သတိတရနဲ့ မှတ်တမ်းတင်မိရင်း အန်တီကြီးရဲ့ အမျိုးသား လဘနွန်သားကြီးရဲ့ ဟန်ဂေရီယန်ဝိုင် သြစတြီးယန်းဝိုင်အကြောင်း သိကောင်းစရာတွေ ကြားနာခွင့်ရခဲ့တာကိုလည်း ဒီနေရာကနေ မှတ်တမ်းတင်လိုက်ရကြောင်းပါ ခင်ဗျား။
Köszönöm့ ကျေးဇူးအများကြီး ပါ့ Magyarok တို့ရေ့။



Szabadság Híd ခေါ် Liberty Bridge                                                            (ဓါတ်ပုံ မရငတ)




Szabadság Híd ခေါ် Liberty Bridge                                                            (ဓါတ်ပုံ မရငတ)

အဲဒီလို စိတ်ကူးထဲမှတ်တမ်းတင်ရင်း ခပ်ဝေးဝေးမှာတဖြေးဖြေး မှုန်ဝါးဝါးကျန်ခဲ့တဲ့ Szabadság Híd ခေါ် Liberty Bridge ခေါ် အစိမ်းရောင် ရှေးဟောင်းတံတားကြီးကို လွမ်းစရာတွေနဲ့အတူ ထားခဲ့ရပါ ပြီ၊ မနေ့ ညနေစောင်းက ဒီတံတားကြီးနား အချိန်တော်တော်ကြာ ရှိနေခဲ့တာတွေကလည်း အတိတ်
အဖြစ် ကျန်နေခဲ့ပါပြီ၊ မရောက်ဖူးသေးတဲ့ နေရာသစ် တနေရာကို ဆက်လက်ချီတက်ဖို့ ပြန်လည်၍
မျက်စေ့ ခဏမှိတ် အားမာန်သွင်းရင်း တချက်မျှ ငိုက်မြည်းရင်း လိုက်ပါလာခဲ့ပါတော့တယ်။
          
M1 Autópálya Motorway (Hungary)
ဘူဒါပက် Rajka   မှ ဘရာတီဆလာဗာ သို့

လေးငါးမိနစ်ကျော်မျှ ငိုက်မြည်းပါလာရင်း ကားအလှုပ်မှာ ဖျတ်ကနဲ မျက်လုံးဖွင့် ကြည့်လိုက်မိတော့
ကားက အမြန်လမ်းမပေါ်မှာ အနည်းငယ် အရှိန်တင် မောင်းနေပါပြီ၊ ဟန်ဂေရီနိုင်ငံရဲ့ နံပတ် (တစ်)
အမြန်လမ်းမကြီးဖြစ်တဲ့ Autópálya Motorway M1 ပေါ်မှာပါ၊ ဒီလမ်းမက Budapest ကနေ Győr မှတဆင့် သြစတြီးယားမြို့တော် Vienna ဗီယန်နာကို သွားတဲ့ အမြန်လမ်းမကြီးပါ၊ ဟန်ဂေရီပြည်ရဲ့
အဓိကအရေးကြီးဆုံး ကုန်သွယ်ရာ လမ်းကြောင်းဆိုလည်း မမှားပေဘူး၊ နှစ်လမ်းမောင်း လေးလမ်း သွား အမြန်လမ်းမကြီးဖြစ်ပြီး တချို့နေရာတွေမှာတော့ ပြုပြင်တိုးချဲ့နေဆဲပါ။


M1European Route E60 E65 E75                                                              (ဓါတ်ပုံ မရငတ)

European Route အနေနဲ့ဆိုရင်တော့ ဒီ ဟန်ဂေရီ M1 လမ်းမကြီးက E60 E65 E75 တို့ရဲ့ အစိတ် အပိုင်းတွေပါ၊ မောင်ရင်ငတေတို့က ဘရာတီဆလာဗာကို သွားမှာဆိုတော့ M1 အဆုံး မရောက်ခင်
Rajka လမ်းဆုံမှာ ညာဘက်ကိုချိုး မြောက်ဘက်ကိုသွားတဲ့ M15 အတိုင်း ဆက်သွားရမှာပါ။

ဥရောပ မြေပေါ်က အမြန်လမ်းမတွေကို သက်ဆိုင်ရာနိုင်ငံများက တနိုင်ငံချင်း အနေနဲ့ သူတို့ နဂိုရှိ ပြီးသား သတ်မှတ်ပေးထားပြီးတဲ့အတိုင်း လမ်းမ အမှတ်တစ် နှစ် သုံးဆိုပြီး ရေးသားလို့ ဆက်လက် အသုံးပြုနေသလို ဥရောပတတိုက်လုံးကလမ်းတွေကိုလည်း အနောက်ကအရှေ့ မြောက်ကတောင် သွယ်တန်းလို့ European Route ဆိုပြီး အစိမ်းရောင် သင်္ကေတ လမ်းဆိုင်းဘုတ်တွေကို သတိထား ကြည့်မယ်ဆိုရင် တွေ့မြင်နိုင်ပါတယ်၊ အီး ၆၀ လို စုံဂဏန်းလမ်းမကြီးတွေက အရှေ့ကအနောက်သို့
သွားတာ ဖြစ်ပြီး အီး ၆၅ တို့ အီး ၇၅ တို့လို မဂဏန်းတွေကတော့ တောင်ကနေ မြောက်ဘက်ဆီသို့ ဦးတည်လို့ သွားတာ ဖြစ်ပါတယ်။
ဘူဒါပက်အထွက် အမ်ဝမ်းလမ်းမကြီးကို European Route E60 အီး ၆၀ အဖြစ် သတ်မှတ်ပါတယ်၊
ကီလိုမီတာ ရှစ်ထောင် (မိုင်ငါးထောင်နီးပါး) ရှိပြီး ဥရောပရဲ့ ဒုတိယ အရှည်ဆုံးလမ်းလို့ ဆိုပါတယ်၊
ပြင်သစ် အနောက်မြောက်ဖျားစွန်း အတ္တလန်တစ်သမုဒ္ဒရာ ကမ်းခြေကနေ ဥရောပ နိုင်ငံပေါင်း ၁၂ နိုင်ငံကို ဖြတ်သန်းသွားပြီး တရုတ်အနောက်မြောက်ဖျားစွန်းက Erkeshtam နယ်စပ်ထိ ရောက်မယ့် လမ်းကြောင်းပါ၊ ဒီကနေ့ ဥရောပ အမြန် လမ်းမကြီးတွေထဲမှာ Classe A အဆင့်ဝင် အကောင်းဆုံး လမ်းမကြီးပါ၊ သို့ပေမယ့် အရှေ့ဥရောပ ရိုမားနီးယားတို့ ဂျော်ဂျီယာတို့ကို ကျော်လွန် သွားရင်တော့
လမ်းတွေက သာမန်အဆင့်သာ များပြားသလို ပင်လယ်နက် နဲ့ ကာစပီယန် ပင်လယ်တွေကိုလည်း
ဖယ်ရီတွေနဲ့ ကူးဖို့ မလွယ်လှသေးသမို့ European Route တွေထဲမှာ အရှည်ဆုံးလို့ ပြောဖို့ ခက်လှ ပါတယ်လို့သာ မောင်ရင်ငတေ ယူဆမိကြောင်းပါ။

E65 က ဆွီဒင်ကနေ ပင်လယ်ကူး ပိုလန် ချက် ဆလိုဗားကီးယား ဟန်ဂေရီတို့ကို ဖြတ်သန်းသွားပြီး နောက် ဂရိမှာ ဂိတ်ဆုံးမှာပါ၊ E75 ကတော့ နော်ဝေး မြောက်ဖျားစွန်းကနေ ဖင်လန်မှာ ပင်လယ်ကူး ပြီး ပိုလန် ချက် ဆလိုဗားကီးယား ဟန်ဂေရီ တို့ကို ဖြတ်သန်းသွားပြီးနောက် သူလည်း ဂရိပြည်မှာပဲ ဂိတ်ဆုံးမှာပါ၊ လမ်းကြောင်းတွေကတော့ အရှေ့ခြမ်း အနောက်ခြမ်း ကွာပြီး တူလိုက်မတူလိုက်ပါ။



E60 သို့မဟုတ် M1 လမ်းမကြီးဘေး                                                                (ဓါတ်ပုံ မရငတ)

ရာသီဥတုကတော့ မိုးမရွာ နေသိပ်မပူပါဘဲ သာသာယာယာပါ၊ ဥရောပအရှေ့ခြမ်းက တောင်ခြမ်းနဲ့ ယှဉ်ကြည့်ရင် အအေးဓါတ် အနည်းငယ်ပိုမိုပါတယ် ပြောရမှာပါ၊ မောင်ရင်ငတေတို့ သွားခဲ့တဲ့နေ့က ဧပရယ်လ တရက်နေ့ပါ၊ နွေဦးရာသီသို့ ဝင်နေပြီဆိုပေမယ့် ဆောင်းနှောင်းနှင်းကြွင်းအကျန်တဝက် မိုးတဝက်နဲ့ နွေနေအပူကို ဟုတ်တိပတ်တိ ကောင်းကောင်း မရသေးပါဘူး၊ ဒါပေမယ့် မိုးက တစက် နှစ်စက်လောက်သာကျတာဖြစ်လို့ ကံကောင်းသေးတယ် ဆိုရမှာပါ၊ ဒီဒေသကလည်း ဒန်ညုမြစ်ဝှမ်း မြေပြန့်လွင်ပြင် ဖြစ်ပြီး Western Carpathians တောင်တန်းမြင့်မြင့်များနဲ့ အလှမ်းဝေးလို့ နွေဆိုရင် နှင်းပျောက်တတ်တဲ့ နေရာပါ၊ Budaörs ကို ကျော်လာတော့ အိမ်ဆက်ပြတ်ပါပြီ။


E60 သို့မဟုတ် M1 လမ်းမကြီးဘေး                                                               (ဓါတ်ပုံ မရငတ)

E60 သို့မဟုတ် M1 လမ်းမကြီးဘေး မြင်ကွင်းတွေကတော့ သိပ်ထူးခြားမှု မရှိလှပါဘူး၊ စိုက်ခင်းစိမ်း ဝါနီညိုတွေကိုတော့ ထုံးစံအတိုင်း လမ်းတလျှောက် အဆက်မပြတ်ဆိုသလို တွေ့မြင်ရပါတယ်၊ တခု ကတော့ နည်းနည်းထူးခြားတယ် ပြောရမလားပါ၊ စိုက်ခင်းတွေယာခင်းတွေကြားမှာ ကြော်ငြာဘုတ် ကြီးတွေ အတော်များများ တွေ့ခဲ့ရတာပါ၊ အဲဒါမျိုးတွေက ပြင်သစ်တို့ ဂျာမဏီတို့ နယ်သာလန်တို့မှာ တွေ့မြင်ရခဲသမို့မှလား၊ နည်းနည်း ထူးခြားတယ် ပြောမိရတာပါ၊ နောက်မကြာခင် ဒီအနောက်ဘက် ခြမ်းကိုများ ကူးများ ကူးစက်လာလေမလား စိုးရိမ်မိရကြောင်းပါ ခင်ဗျား။

အဲဒီလို ဆိုင်းဘုတ်ကြီးတွေကို တွေ့မိရတော့ ဘန်ကောက်တို့ ထိုင်းတို့ကိုတောင် အမှတ်ရမိပါတယ်၊ အဲဟိုမှာက ဒီထက်ပိုဆိုးတယ်မှလား၊ သေသေချာချာ အခိုင်အမာနဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးတွေကို တောကျေးလက်လမ်းရော မြို့အဝေးပြေးလမ်းမကြီးတွေမှာ နေရာအနှံ့ တွေ့မြင်ရမှာပါ။






E60 သို့မဟုတ် M1 လမ်းမကြီးဘေး                                                               (ဓါတ်ပုံ မရငတ)

ဒီမှာကတော့ အဆက်မပြတ်ဆိုပေမယ့် ထိုင်းလမ်းမတွေမှာလို သိပ်များလွန်းနေတယ်တော့ မဟုတ် သေးပါဘူး၊ မောင်ရင်ငတေလည်း အဲလို စိုက်ခင်းကာလာစုံကြားက ကြော်ငြာဆိုင်းဘုတ်ကြီးတွေကို ကြည့်ရင်း မှတ်တမ်းပြုရင်း ရေဂျီယိုဂျက်ရဲ့ သယ်ဆောင်ရာကို လိုက်ပါလာခဲ့ပါတယ်။

ဒီဒေသက ၁၉၅၀ ၆၀ ၇၀ နှစ်များ အခါက သမဝါယမတို့ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးတို့ လက်မှုလယ်ယာမှသည် စက်မှုလယ်ယာတို့ စတင်ထွန်းကားခဲ့ရာ နယ်မြေတွေပါ၊ အဲဒီ အောင်မြင်မှု အသင့်အတင့်ရဲ့ အကြွင်းအကျန်တွေကြောင့် အနောက် ဥရောပကို မမှီပေမယ့် အရှေ့ဖျား ဥရောပ ထက်တော့သာတဲ့ အနေအထားမှာ ရှိနေပါတယ်။

အနောက်ဥရောပရဲ့ လမ်းနဘေး စိုက်ခင်းတွေကို တွေ့ဖူးနေကျ မောင်ရင်ငတေကတော့ ဒီစိုက်ခင်း တွေကို ကြည့်ပြီး တနေရာရာမှာ နည်းနည်းတော့ လိုနေသေးတယ်လို့ ထင်မြင်ယူဆမိရကြောင်းပါ။


ဒီနေရာမှာ မောင်ရင်ငတေရဲ့ ခရီးတွေသွားရင်း တွေ့ကြုံမြင်မိခဲ့ရတဲ့ ကိုယ်ပိုင်အမြင်ကို ထည့်ပြောရ မယ်ဆိုခဲ့ရင် တော်တော်တော့ ကွာဟပါသေးတယ်၊ ဘယ်လို ဘယ်ပုံနည်းနဲ့ ကွာဟပါတယ်လို့တော့ ပညာရှင်တွေလို သီအိုရီအရတွက်ချက်ပြီး မောင်ရင်ငတေ ပြောမပြတတ်ပါဘူး၊ သေချာတာတခုက မျက်မြင်အတွေ့အကြုံများနဲ့တင် အတော်ကြီး ကွာဟနေသေးကြောင်းကိုသာ ပြောချင်မိပါတယ်။



Komárom- Komárno နယ်ခြားသို့                                                                (ဓါတ်ပုံ မရငတ)

ကားလမ်းက ဒန်ညုမြစ်ရဲ့ တောင်ဘက်ခြမ်းကနေ ယှဉ်လို့ ဖောက်ထားတာ ဖြစ်ပေမယ့် ခပ်ဝေးဝေး မို့ မြစ်ကိုတော့ မြင်တွေ့ရခြင်းမရှိပါဘူး၊ အကယ်၍ ကိုယ်ပိုင်ကားနဲ့သာ မောင်ရင်ငတေရဲ့စိတ်ကြိုက်
တောကျေးလက်လမ်းလေးတွေကသာ သွားခွင့်ရခဲ့ရင်တော့ ဒီထက် ပိုမိုလှပ အေးချမ်းသာယာမယ့်
ဟန်ဂေရီနဲ့ ဆလိုဗားကီးယား နယ်ခြား ဒန်းညုမြစ်ရိုးရဲ့ သဘာဝ မြင်ကွင်းတွေကို တွေ့မြင်နိုင်မှာပါ။

ဒါပေမယ့်လို့ ခရီးသွားခြင်းကို အများအားဖြင့် လိုင်းဘတ်စ်ကားသာ အားထားရ ဖက်တွယ်ထားရတဲ့ မောင်ရင်ငတေအဖို့ အဲဒီလောက် မြင်ကွင်းတွေနဲ့သာ တန်ရာတန်ရာ ကျေနပ်မိရ ပါတယ်၊ ကားကြီး ကားကောင်းတွေနဲ့သွား လမ်းတလျှောက် အိပ်ငိုက်နေတတ်သူတွေနဲ့စာရင် ကျေနပ်ရခြင်းပေါ့။

ဟိုးခေတ်က စီးခဲ့ဖူးတဲ့ ကုန်တဝက် လူတဝက်တင် ဘတ်စ်ကားအိုကြီးတွေ၊ ကုန်းလမ်းပို့ဆောင်ရေး (ကပရ) ဟီးနိုးကား ယိုင်နဲ့နဲ့တွေ၊ တီအီး အီလဲဗန်းလို ကုန်ကား နောက်ခန်းတွေ၊ ဟိုင်းလက်ကားရဲ့ ခေါင်မိုးပေါ်တွေ ပုံစံမျိုးစုံ ဇရက်မင်း စည်းစိမ်ခံရင်း စီးခဲ့ဖူးပါတယ်၊ အဲဒီလို ခရီးသွားကားတွေ စီးခဲ့ဖူး တာနဲ့ နှိုင်းစာရင် အခုဟာက အရမ်းကို ကောင်းနေတာမို့ ကျေနပ်နေတတ်တာလည်း ပါပါလိမ့်မယ်။

ဒီကနေ့ခေတ် နောက်ပေါက်လေးတွေနဲ့တော့ တွေ့ကြုံဖြတ်သန်း ခံစားရပုံကတော့ ဘယ်တူပါ့မလဲ။




RegioJet နဲ့ Student Agency                                                                     (ဓါတ်ပုံ မရငတ)

ချောမွေ့နေတဲ့ နိုင်လွန်ကတ္တရာ လမ်းမကြီးတလျှောက် တငြိမ့်ငြိမ့်တသိမ့်သိမ့် ပြေးလွှားနေတဲ့ မိုးလုံ
လေလုံ အအေးလုံ အပူလုံ မှန်လုံ ဘတ်စ်ကားသစ်ကြီးပေါ်မှာ ကော်ဖီခါးခါးလေး တကျိုက်မော့ရင်း တယ်လီဖုန်းဘက်ထရီအားသွင်းကြိုး တန်းလန်းချိတ် တွေ့သမျှ လမ်းဘေးမှတ်တမ်းတင်ရင်း ဝိုင်ဖိုင်
ကောင်းကောင်းနဲ့ ကိုယ်ပိုင်ချယ်နယ် တိုက်ရိုက်လွှင့်တင်နိုင်နေပါတဲ့ ဒီခေတ်ကြီးမှာ ဘာတွေကိုများ မကောင်း ပြောရဦးမလဲ လေ့ မောင်ရင်ငတေကတော့ နို့း့ ကွန်ပလိန်းပါ။


မှန်ပါတယ့့် ဒီ ရေဂျီယိုဂျက်ရဲ့ ကားအဆင့်အတန်းကလည်း မဆိုးဘူးလို့ ပြောလို့ရပါတယ်၊ အမြင်ပိုင်း ဆိုင်ရာမှာ ကောင်းမွန်သပ်ရပ် သန့်ရှင်းပါတယ်၊ အိမ်သာလည်း ကောင်းပါတယ်၊ ကော်ဖီ လည်း တခွက် တိုက်ပါတယ်၊ ထပ်သောက်ချင်လည်း တောင်းသောက် နိုင်ပါတယ်၊ ကားစက်လည်း မပျက်ပါဘူး၊ လမ်းတွေက ကားသိပ်မကျပ်လို့ အချိန်လည်း မှန်ပါတယ်လို့ ပြောလို့ရပါတယ်၊ အဲ့ ဝိုင်ဖိုင်ကတော့ပါတယ် ဆိုရုံလေးပါ၊ ကွန်နက်ရှင်က မကောင်းလှပါ၊ ရသလောက်ပေါ့လေ။



E60 သို့မဟုတ် M1 လမ်းမကြီးဘေး                                                               (ဓါတ်ပုံ မရငတ)

လမ်းနဘေး ရွာလေးတွေကတော့ နေချင်စဘွယ်ရှိပေမယ့် တိတ်တိတ်ဆိတ်ဆိတ်နဲ့ လူခြေတိတ်တဲ့ ရွာကလေးတွေသာပါ၊ မောင်ရင်ငတေ ရောက်ဖူးတွေ့ဖူးသမျှ တောင်မြောက် ရှေ့နောက် ဥရောပက သူတို့တတွေရဲ့ လယ်ယာဥယျာဉ်ခြံမြေ စိုက်ပျိုးရေး လုပ်ငန်းခွင်တွေမှာ လူအင်အားများများနဲ့ တခါ ဖူးမျှမတွေ့ရှိဖူးပါဘူး၊ လူနည်းနည်း စက်ကျဲကျဲသာဆိုလို့ရပေမယ့်လည်း မြေကွက်လွတ်ဆိုတာ တွေ့ မြင်ရခဲပါတယ်၊ စိုက်ပျိုးခင်း မတွေ့ရရင် ခပ်ပါးပါး တောအုပ်တန်းလေးတွေတော့ ရှိနေတတ်မြဲပါ။




E60 သို့မဟုတ် M1 လမ်းမကြီးဘေး                                                               (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေကတော့ စိုက်ခင်းပျိုးခင်းတွေရဲ့ ရောင်စုံသွေးစုံအပေါ်ယံအလှမှာသာ ယစ်မူးနေရင်း
တောင်မြောက်ရှေ့နောက်စိုက်ခင်းတွေက အထွက်နှုန်း ကောင်းရဲ့လား၊ မျိုးစိတ်မျိုးရင်း မှန်ရဲ့လား၊   ဆေးဝါးသန့်ရဲ့လား ဈေးကောင်းရောရကြရဲ့ပါလား စသဖြင့် မတွေးအားခဲ့ပါဘူး၊ သီးနှံတွေ စိမ်းလို့စို နေတာ သီးနှံတွေ မှည့်လို့ဝါနေတာ မြင်ရတွေ့ရရင် စိတ်ချမ်းသာတတ်ရုံပါ ခင်ဗျာ။


Győrújbarát- Győr                                                                                  (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေလည်း လမ်းဘေးဝဲယာကြည့် တငြိမ့်ငြိမ့်နဲ့ထွေရာလေးပါးတွေးရင်း စဉ်းစားလာရာက
အိမ်ခြေနည်းနည်း နည်းနည်းနဲ့ ရွာကလေးတွေ စိတ်လာတာကို သတိပြုလိုက်မိရပါတယ်၊ ဟန်ဂေရီ နိုင်ငံ အနောက်မြောက်ဒေသရဲ့ အကြီးဆုံးမြို့ Győr နယ်ထဲ ချည်းနင်းဝင်ရောက်လာတာပါ။

Győr ခေါ် Ráb မြို့က ဟန်ဂေရီရဲ့ ဆဋ္ဌမမြောက် အကြီးဆုံးမြို့သာ ဆိုပေမယ့် သိပ်ကြီးကြီးမားမား ဟုတ်ဟန် မတူပါဘူး၊ Győrújbarát လမ်းဆုံနဲ့ဘူဒါပက်က ကီလိုမီတာ ၁၂၀ ကျော် ကွာဝေးတာပါ၊ ဘူဒါပက်ကနေ ဗီယန်နာ ဘရာတီဆလာဗာ သွားရာလမ်းရဲ့ ခရီးတထောက်မြို့ ဆိုရင်လည်း မမှား ပါဘူး၊ Rába မြစ်လေးနဲ့ ဒန်ညုမြစ် ဆုံတွေ့ရာ မြစ်ဆုံနဲ့ မနီးမဝေးမှာ တည်ရှိတာပါ။

Győrújbarát လမ်းဆုံကိုကျော်လာတော့ ကားလမ်းက ဒန်ညုမြစ်ကွေ့သွားသလို အနောက်မြောက် ဘက်သို ဦးတည်ပါတယ်၊ E60 E75 သို့မဟုတ် M1 လမ်းမကြီးအတိုင်း နောက်ထပ် ကီလိုမီတာ ၅၀ လောက် မောင်းလာလိုက်တော့ ဗီယန်နာ ဘရာတီဆလာဗာ လမ်းခွဲ M1-M15 လမ်းဆုံ Levél မြို့ အဝင်သို့ ရောက်ရှိ လာပါပြီ၊ M1 အတိုင်း ဆက်သွားမယ်ဆိုရင် များမကြာခင် ဆယ်မိနစ်ခန့်တွင်းမှာ သြစတြီးယားမြေသို့ ရောက်မှာပါ၊ Levél အနီး လမ်းဆုံကတော့ လမ်းဆုံသာ ဆိုပါတယ်၊ ဘာတခုမှ ထူးခြားချက် မရှိပါဘူး၊ သာမန် နှစ်ထပ်ဂုံးကျော် လမ်းဆုံတခုသာပါ၊ အဲဒီလိုနေရာမျိုး ထိုင်းနိုင်ငံသာ ဆိုရင် လူတွေ ဆိုင်တွေ ဈေးတွေနဲ့ စည်းကားလို့နေမှာ အမှန်ပါ။



Vitajte v Slovensko                                                                                 (ဓါတ်ပုံ မရငတ)

အဲဒီလို ဟန်ဂေရီ-သြစတြီးယား-စလိုဗားကီးယား သုံးနိုင်ငံလမ်းဆုံ သို့မဟုတ် M1-M15 လမ်းဆုံကို မသိမသာနဲ့ ကျော်ဖြတ်သန်းလာပြီး မောင်ရင်ငတေတို့က ညာဘက်သို့ချိုး မြောက်စူးစူး ဆီသို့ M15 အတိုင်း ခရီးဆက်ပါတယ်၊ သုံးနိုင်ငံရဲ့ တြိဂံဒေသဖြစ်ပေမယ့် တောတွေတောင်တွေ ထူထူထပ်ထပ် မတွေ့ရှိရပါဘူး၊ ဒန်ညုမြေပြန့်လွင်ပြင်ရဲ့ စိုက်ရေးပျိုးရေးကောင်းတဲ့ နေရာမို့လို့ စိုက်ခင်းတွေကိုသာ အဆက်မပြတ်ဆိုသလို မြင်တွေ့ရပါတယ်။

ဆယ့်လေးငါးမိနစ်ကျော်လောက် အကြာမှာတော့ ဟန်ဂေရီ အနောက်မြောက်စွန်း နယ်စပ်မြို့
Rajka မြို့ဝင် စာတမ်းနဲ့ ဆိုင်ဘုတ်ငယ်ကို တွေ့ရပါပြီ၊ မြို့တွင်းသို မဝင်ပါဘဲ မြို့ရှောင်လမ်းအတိုင်း ပတ်မောင်းသွားတော့ ရောက်ပါပြီ့ ရောက်ပါပြီ့
Slovensko မြေသို့ ရောက်ပါပြီ။
Slovakia့ Slowakei
Slovaquie့ Slovensko  

ဆလိုဗန်စကို သို့မဟုတ် ဆလိုဗားကီးယား သို့မဟုတ် ဆလိုဗက်တွေရဲ့မြေ၊
တချိန်ခါတုန်းက ချက်ကိုဆလိုဗားကီးယား ဆိုရှယ်လစ်တွေရဲ့ ဆလိုဗန်စကို မြေ၊

၂၀၀၈ ခုနှစ်တုန်းက မောင်ရင်ငတေ နယ်နမိတ်စည်းနင်းပြီး ကျေနပ်ခဲ့ရတဲ့ ဆလိုဗန်စကို မြေ။


Myto.SK-Border Toll Gate Čunovo, Slovensko                                           (ဓါတ်ပုံ မရငတ)

ဆလိုဗက်တွေရဲ့ မြေ၊
ထူးထူးခြားခြား ကြိုဆိုရေးတွေ မရှိပါဘူး၊
အိမ်ခြေမရှိတဲ့ နယ်စပ်ဖြတ်ကျော်ဂိတ် တခုသာပါ၊
အနီးကပ်ဆုံး မြို့ကတော့ Čunovo အမည်ရပါတယ်၊
ဟန်ဂေရီ နယ်စပ်မြို့ Rajka ကတော့ လူဦးရေ သုံးထောင်နီးပါး နေထိုင်ကြပြီး
ဆလိုဗားကီးယားရဲ့ နယ်စပ် Čunovo မှာတော့ နေထိုင်သူ တထောင် မပြည့်ပါဘူး။
ရွှေရောင်တဝင်းဝင်း လက်ရာ မသေမသပ် ယိုင်နဲ့နဲ့ ဆိုင်းဘုတ်ကြီး ဆိုင်းဘုတ်ငယ်တွေ မတွေ့မြင်ရ ပါဘူး၊ အဝင်အထွက် ဂိတ်အဟောင်းတော့ ရှိနေပေမယ့် ဘာ အစစ်အဆေးမှ မရှိပါဘူး၊ တခဏနား အာသာပြေပက်ချင်သူတွေပက်ဖို့ အစာပြေစားဖို့နားဖို့ ကဖေးသောက်ဖို့ ဆိုင်လေးတဆိုင်ရှိပါတယ်။
မောင်ရင်ငတေကတော့ တဖွာနှစ်ဖွာ ဖွာရှိုက်ရင်းနဲ့ အညောင်းပြေ ဂိတ်ဝနားသွား စနည်းနာပါတယ်၊
ယူနီဖောင်းဝတ် တဦးနှစ်ဦးက လွဲလို့ လုံခြုံရေး ဘာညာ ထူးထူးထွေထွေ မရှိပါဘူး၊ လှမ်းမျှော်ကြည့် လိုက်တော့ လယ်ကွင်းပြင်တွေသာ ပတ်လည်ဝိုင်းနေတာ တွေ့ရပါတယ်၊ Toll Gate မှာလည်း ကား လေးတွေအစီးနှစ်ဆယ်လောက် ဂိတ်ကြေးပေးဖို့ တန်းစီနေတာမြင်ရပြီး ပြင်သစ် စပိန် နယ်သာလန် ဂျာမဏီ တို့လို ကုန်တင်ကားကြီးတွေ အမြောက်အများ မတွေ့ရပါဘူး။

ကားကလည်း ဆယ့်ငါးမိနစ်မျှသာ နားတာမို့ ခဏကြည့် ကားဘက်သို့ ပြန်လျှောက်လာခဲ့ရပါတယ်၊ နယ်ခြားဂိတ် ညာဘက်ခြမ်း မလှမ်းမကမ်းမှာ သုံးနိုင်ငံ ဆုံချက်ပွိုင့်တည်ရှိလို့ သွားရောက်မှတ်တမ်း တင်ချင်ပေမယ့် လိုင်းကားစီးသမား မောင်ရင်ငတေ့အဖို့ စိတ်သာရှိ လူတော့ မရောက်နိုင်ခဲ့ပါဘူး။

ဟန်ဂေရီယန်တို့ရေ့  မင်းတို့ အခေါ် Párizs အမည်ရတဲ့ ပါရီမြို့ရောက် ဒုက္ခသည်တယောက် ပေါ့ကွာ၊ အဲဒီ ရွှေပြည်တော်သားဟောင်းကြီ့း့ မောင်ရင်ငတေ မင်းတို့ကို နှုတ်ဆက်ခဲ့ပါတယ် ကွာ့ လမ်းရဲ့သယ်ဆောင်ရာ့  ကျနော် သွားတော့မယ် ပေါ့၊့ ဘိုင် ဘိုင့့်  Au Revoir pour le Moment့ Viszlát a Pillanatban ပါ ခင်ဗျား။


Diaľnica D2 (Slovensko)                                                                         (ဓါတ်ပုံ မရငတ)

ဒီနေရာက ဟန်ဂေရီ အမ်ဝမ်း လမ်းမကြီးအဆုံး ဆလိုဗန်စကို Diaľnica D2 ဒီတူး အမြန်လမ်းမကြီး
အစပါ၊ ဟန်ဂေရီနယ်စပ်နဲ့ ချက်နယ်စပ်ကို ပေါက်တဲ့လမ်းပါ၊ သိပ်တော့ မရှည်လှပါဘူး၊ ကီလိုမီတာ
ရှစ်ဆယ်ခန့်မျှသာ ရှည်ပါတယ်၊ E65 E75 ဥရောပ အမြန်လမ်းမကြီးရဲ့ အစိတ်အပိုင်း လမ်းပါ။

ဒီလိုနဲ့ Magyarország မာဂရာရိုရာဆတ်ဂ် မြေကို ကျောခိုင်းခဲ့ပြီး
နောက့့် ဆလိုဗန်စကို မြေဆီသို့ စတင် ဝင်ရောက်လာခဲ့ပါပြီ၊
မြင်ကွင်းတွေကတော့ ဘာတခုမှ သိပ် အပြောင်းအလဲ မရှိလှပါဘူး။

ရေကြော မြေကြောတွေ ဆက်စပ်နေတာကိုး၊ လူနေမှုအဆင့်လည်း သိပ်ကွာခြားတာ မဟုတ်ပါဘူး၊ စကားပြောနဲ့ စာအရေးအသားက အတော်ကွာခြားဟန်ပေါက်ပါတယ်၊ ချက်ပြည်ထောင်စုနဲ့ကတော့ တနိုင်ငံတည်းဖြစ်ခဲ့ဖူးတော့ စာစကား အတော်ဆင်တူဟန် တူပါတယ်၊ မြို့တော်အမည် Bratislava ကို ဟန်ဂေရီယန် Magyar စကားနဲ့ Pozsony လို့ ရေးကြတာကိုသာ ကြည့်ပါတော့လေ။


အဝေးမြင် Bratislava ဘရာတီဆလာဗာ                                                         (ဓါတ်ပုံ မရငတ)

သိပ်မကြာပါဘူး၊ ဒီကနေ့ သွားရမယ့် ခရီးဆုံး ဘရာတီဆလာဗာ မြို့တော်လေးကို ခပ်လှမ်းလှမ်းမှာ စတင်၍ လှမ်းလို့မြင်တွေ့နေရပါပြီ၊ နယ်စပ်နဲ့ မြို့တော်လေးက ဆယ့်ငါးကီလိုမီတာမျှ မဝေးတာကိုး၊ မြို့တောင်ဘက်က မြေပြန့်လွင်ပြင်တွေသာများပေမယ့် မြောက်ဘက်ခြမ်းမှာတော့ တောင်စဉ်တန်း တွေ ရှိနေတာကို အဝေးကနေ လှမ်းမြင်တွေ့ရပါတယ်။



Most Apollo (Apollo Bridge) Bratislava                                                     (ဓါတ်ပုံ မရငတ)

မြို့ပြအိမ်ယာတွေကိုတွေ့ပြီး မကြာခင်လေးမှာတင် ဘရာတီဆလာဗာရဲ့ ဒန်ညုမြစ်ကူး တံတားကြီး Most Apollo ကို ကူးဖြတ်လို့နေပါပြီ၊ လှပတဲ့တံတားကြီးကို ကျော်ဖြတ်ပြီးရင်တော့ မောင်ရင်ငတေ တို့ရဲ့ ဒီကနေ့ ဘူဒါပက်- ဘရာတီဆလာဗာ ခရီးစဉ်ဂိတ်ဆုံး ရောက်ပါပြီ ခင်ဗျား။

ဒန်းညု မိုရာဗာ မြစ်ဆုံဘေး ရေပြင်ပြာပြာကို ထိုင်ငေးမယ့် စိတ်ကူးအိပ်မက်ကို တွေးရင်းပေါ့့
အဝါရောင် ရေဂျီယိုဂျက်ကို နှုတ်ဆက်ပြီး ဆင်းလာခဲ့ပါတော့တယ့့်


ဘူဒါပက်မှ ဘရာတီဆလာဗာ ကီလိုမီတာ နှစ်ရာ

ဘူဒါပက်မှ ဘရာတီဆလာဗာ့  ကွာဝေးတာက ကီလိုမီတာ နှစ်ရာ့ ကျသင့်ငွေက ယူရို နှစ်ဆယ်နီးပါ့း့ ကြာမြင့်ချိန်က သုံးနာရီမတ်တင်းခန့် ထိုက်တန်တဲ့ သင့်တော်တဲ့ ခရီးတခုပါလို့ ပြောကြားရင့်း့  ပင်လယ်မရှိသောမြေသို့ စာစု (၂) (အမ်ဝမ်း အမြန်လမ်းမကြီးပေါ်က အဝါရောင် ရေဂျီယိုဂျက်) ခရီးမှတ်တမ်းပုံရိပ်များကို ဒီနေရာမှာ ရပ်နားခွင့်ပြုကြပါ။

ဘရာတီဆလာဗာ-ဗီယန်နာ ဝမ်းယူရိုတန် ခရီးစဉ်အကြောင်း စာစု (၃) ဆက်ပါဦးမည်။
ဒန်းညုမြစ်ရိုးပေါ်က မြို့တော်တွေအကြောင်းကိုတော့ ရေးစရာတွေက အများအပြားရှိလို့
လာမည် ကြာမည်ဟု ပြောကြားရင့်း့

မောင်ရင်ငတေ ၀၁၀၄၂၀၁၇ - ၂၈၀၇၂၀၁၇









** * ကေအယ်လ် ကလန်းမှ ကပါသို့ (တစ်) ** *

နှစ်ဆယ်ကျော်အလွမ်း ကေအယ်လ် ကလန်းမှ ကပါသို့ (တစ်) နှစ်အစိတ်နီးပါးက မှုန်ဝါးဝါးကျန်                                                ...

Google+ Badge

Google+ Followers