Libellés

mercredi 26 août 2015

** ငါးသိန်းတန်အိပ်မက် *



အတွေးစတစ
ငါးသိန်းတန်အိပ်မက်



Aéroport International Don Muang                                                  (ဓါတ်ပုံ မရငတ)
ဟို တမြန်နေ့ကရော မနေ့ကပါ မောင်ရင်ငတေ အိပ်မက် မက်တယ်၊
ဒါမျိုးတွေလည်း ဟိုး အရင်ကတော့ မက်တော့ မကြာခဏ မက်ဖူးနေကြပါ၊
ဒီနှစ်ပိုင်းလောက်မှာ ပိုစိတ်လာသလားတော့ မသိပါဘူး၊

အကြောင်းအရာချင်းကတော့ ခပ်ဆင်ဆင်ပါ၊ ဘာလဲဆိုတော့ ပြန်တော်မူတာပေါ့၊
ဘယ်နှစ်ကလည်း ဘယ်အချိန်တုန်းကလည်းရယ်တော့ မသေချာပါဘူး၊ မသိပါဘူး၊
ကောင်းကင်ကနေ လေယာဉ်ကြီးစီး ပြန်ခဲ့လေသလား၊
တောလမ်းကနေ တောင်ကျော်ပြီး ပြန်သလားတော့ ကွဲကွဲပြားပြား မပါပါဘူး၊
အိပ်မက်ဆိုတာကလည်း ခက်သားကလား၊ ဟိုတပိုင်း ဒီတစလောက် မှတ်မိတာလေ၊
မှတ်မိတာလေးတွေ ဆက်စပ်ရေးရ ပြောရတာပေါ့၊

မောင်ရင်ငတေ ပြန်ရောက်တယ်ဆိုတော့ တလမ်းလုံးကတော့ ကြိုဆိုလို့ပေါ့၊
ဆွေမျိုးသားချင်း နောက်ပေါက် ဘုစုခရုတွေ မောင်ရင်ငတေနဲ့ တခါဖူးမျှ မတွေ့ဖူးတဲ့ကောင်တွေ ရောပေါ့၊ ရပ်ကွက်ထဲက လက်ကျန်အသိ လူကြီးတချို့တွေကလည်း ပြုံးပြ နှုတ်ဆက်ကြပေါ့၊
လမ်းထိပ်က လူတချို့ကလည်း ဒီလောက် ဆယ့်လေးငါးနှစ်လောက် ပျောက်ချက်သားကောင်း
နေတဲ့ ကောင်ကို မနေ့တနေ့က နှုတ်ဆက်သလို နှုတ်တွေဆက်နေလေရဲ့ … နေကောင်းလားတဲ့ဗျ၊

သတင်းကြားတဲ့ မောင်ရင်ငတေရဲ့ ငယ်ပေါင်းဘော်ဒါတချို့ကလည်း လှမ်းဖုန်းဆက်ကြတယ်၊
၁၉ လမ်းလား ၄၂ လမ်းလား မောင်ပိန်လား အလင်းရောင်လား ဘူတာရုံလမ်းထိပ်လား
ညဈေးထိပ်လား ဟိုက်ခင်လား  ပြည့်ဝလား . . ရွှေနဂါးမှာလား ..  ... ကီးတော်ကျန်လား  … .. အိမ်မှာချမလား … ..  ဟိုကောင့်အိမ်မှာ ဆုံကြမလား . …. တညင်သွားမလား .. … လားပေါင်းများစွာနဲ့ ချိန်းကြတာပေါ့၊

နယ်ကကောင်တွေကလည်း ပြည်လာခဲ့ ထီလာကိုလာခဲ့ ရေနံချောင်းလာခဲ့ ဟင်္သာတလာမှာလား၊
မန္တလေး ဘယ်တော့လာမလဲ၊ မေမြို့တက်အုံးမလား၊ ပုဂံညောင်ဦးသွားရင် ကျောက်ပန်းတောင်း အပြန်လှည့် ဝင်လာခဲ့လေ၊ ဖိုးပါကြီးမရှိတော့၊ မိတ်ဆက်တော့ မရှိတော့ဘူး၊ မင်္ဂလာဈေးဒေါင့်မှာ ဆုံမယ်၊ ပါရာဒိုက်မှာဆုံမယ်၊ ဖုန်းတွေက တဂွမ်ဂွမ်လား တတီတီလား မြည်နေလေရဲ့၊
       အမယ် . .. … .လက်ထဲမှာတော့ ဟန်းဖုန်းလို့တော့ ထင်တာဗျ သေတော့မသေချာဘူး၊  

§  အဲဒီမှာ အိပ်မက်က၊    နောက်တပိုင်း ဆက်တယ် ထင်ရဲ့၊

မောင်ရင်ငတေ လက်ထဲမှာက လေးငါးသိန်းလောက်ပါတဲ့ ငွေထုတ်တထုပ်၊
ဟန်းဘက်ဂ်အိပ်နဲ့လား ဆာလာအိပ်နဲ့လားတော့ မသေချာဘူး၊
စိတ်မချလို့ အမေ့ကိုလား အမကိုလား အပ်တယ်၊ ခပ်တိုးတိုးလည်း မှာခဲ့တယ်၊ ငါးသိန်းပေါ့၊
သူတို့ကလည်း သူတို့အလုပ်နဲ့ သူတို့ ရှုတ်လို့ အေး အေး ပေါ့၊ ထားခဲ့ပြောတယ်၊
အဲဒါနဲ့ တပတ်လား ဆယ်ရက်လား တလလားတော့ မသိပါဘူး . … .. ကြာတော့၊
အိပ်မက်ထဲမှာ မေးခွန်းတွေ. .. … ငါ ဘယ်မှာလဲ၊ ဘယ်ရောက်နေတာလဲ၊ ဘာလုပ်ဖို့ လာတာလဲ၊
ဘာလုပ်တတ်သလဲ၊ ဘာလုပ်ချင်သလဲ၊ ငါ့မှာ ဘာရှိသလဲ . …. . …. လဲ . …. ပေါင်း များစွာပေါ့၊

§        အဲဒီမှာ . . . ….. အိပ်မက် ဆိုတော့ အခန်းပြောင်းတာက ရုပ်ရှင်ထက်မြန်တယ်၊

ထိုင်းပြန်ရောက်သွားလိုက် ကိုရီးယားပြန်ရောက်သွားလိုက် မလေးရှားပြန်ရောက်သွားလိုက်၊
တကယ်ပြန်ရောက်တာလား၊ မရောက်နိုင်တော့ဘူးလား၊
အလုပ် ပြန်ရှာနေရ၊ ပြန်ရှာနေရတဲ့ +
အလုပ် ရမရက မသေချာ၊
အလုပ်ရှင်တွေက လိပ်စာပြောင်း၊ လုပ်ဖော်ကိုင်ဖက်တွေက ပျောက်ကုန်၊
အိပ်မက်ထဲ လူလည်း ဇောချွေးတွေပြန် ဒေါင်ချာလည်းစိုင်း၊

§  အိပ်မက် . … … …. အိပ်မက်၊ တယ်လည်း ခက်ပါလား၊

ပါလာတဲ့ ငွေငါးသိန်းက တပတ် ဆယ်ရက် တလ မခံဘူးလေဗျာ၊
သူတို့ ထင်တာက ငါးသိန်းဆိုတော့ ဒေါ်လာတို့ ယူရိုတို့ ထင်နေကြသလားတော့ မသိဘူး၊
မောင်ရင်ငတေဟာက ကျပ် ငါးသိန်းလေ၊ အဲဒါတောင် အိပ်မက်က ဘယ်တုန်းကမှန်း မသေချာလို့၊

အခုနေများဆိုရင် လေဆိပ်ကနေ လှည့်ပြန်ရမလား မသိပါဘူး၊ ကျပ် ငါးသိန်း လေ ။ ။။။။

အိပ်မက် . … … …. အိပ်မက်၊

(တကြောင်းနှစ်ကြောင်းရေးထားတာ ဘယ်တုန်းကမှန်း မသိပါဘူး၊ အခု ပြန်ချောရေးလိုက်ပါတယ်)
မောင်ရင်ငတေ ၂၆၀၈၂၀၁၅

samedi 22 août 2015

** အီဖယ်စတိုရီ *

ပါရီပုံရိပ်များ
အီဖယ်စတိုရီ



Tour Eiffel သို့မဟုတ် « Tour de 300 Mètres »           (ဓါတ်ပုံ မရငတ)


၂ နှစ် ၂ လ ၅ ရက် တိတိ တည်ဆောက်ခဲ့ရပါတဲ့ မီတာသုံးရာ (၃၂၄ မီတာ) မျှော်စင်ကြီး၊

၂၈ ဂျန်နဝါရီ ၁၈၈၇ ခုနှစ်ကနေ စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့တာ ၄ ရက် မတ်လ 
၁၈၈၉ ခုနှစ်မှာ လုပ်ငန်း လက်စသတ် ပြီးစီးခဲ့ပြီး ၃၁ မတ်လ ၁၈၈၉ ခုနှစ်မှာ စတင် 
ဖွင့်လှစ်ခဲ့ပါတဲ့ မျှော်စင်ကြီး၊

အဲဒီအချိန် ၁၈၈၇ ခုနှစ်တုန်းကတော့ ပန်းချီ ပန်းပု အနုပညာရှင် ဗိသုကာပညာရှင် 
အများအပြားက ပုံစံမကျ မလှမပ ဆိုပြီးတော့ ရယ်သွမ်းသွေးခဲ့ကြ ကဲ့ရဲ့ခဲ့ကြပါတဲ့ 
လူ ရယ်စရာ သံမဏိမျှော်စင်ကြီး၊

ဆောက်တုန်းက Exposition Universelle  de Paris de 1889 (World's Fair) 
ဆယ်ကြိမ်မြောက် ကမ္ဘာ့ကုန်စည်ပြပွဲအတွက် ရည်ရွယ်ပြီး ယာယီအဖြစ် တည်ဆောက်
ခဲ့တဲ့ သံမဏိလေဒီမျှော်စင်ကြီး၊


La Dame de Fer  သို့မဟုတ် The Iron Lady       (ဓါတ်ပုံ မရငတ)

ဆောက်တုန်းက Exposition Universelle  de Paris de 1889 (World's Fair) 
ဆယ်ကြိမ်မြောက် ကမ္ဘာ့ကုန်စည်ပြပွဲအတွက် ရည်ရွယ်ပြီး ယာယီအဖြစ် တည်ဆောက်
ခဲ့တဲ့ သံမဏိလေဒီမျှော်စင်ကြီး၊

၁၈၈၉ ခုနှစ်က တည်ဆောက်ပြီးခဲ့ပါတဲ့ အီဖယ်မျှော်စင်ကို ၁၉၀၉ ခုနှစ်မှာ ဖျက်သိမ်းပစ်ဖို့ပါတဲ့၊
ဒါပေမယ့် ဒီကနေ့ထိတိုင် တည်ရှိနေခဲ့တာကတော့ ဘာကြောင့်လဲလို့ မေးစရာ သိပ်မလိုတော့ 
ပါတဲ့ မေးခွန်းတခွန်း ဖြစ်လို့ နေပါပြီ၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီတခိုင် ဖြစ်နေတာ မဟုတ်လား၊

မူလက အီဖယ်မျှော်စင်ကို မွန်ဆီယာ အီဖယ်က စပိန်နိုင်ငံ ဘာဆီလိုနားမှာ တည်ဆောက်ဖို့ပါ၊
ခွင့်ပြုမိန့်မပေးခဲ့တဲ့ ဘာဆီလိုနား အာဏာပိုင်တွေ အခုနေများရှိသေးရင် ရင်ကွဲနာကျနိုင်ပါတယ်၊

၁၈၉၁ ခုနှစ်က လန်ဒန်မြို့တော်ကြီးမှာ အီဖယ်ထက်မြင့်တာ ဆောက်မလို့ ကြံစည်ကြ 
ပါသေးတယ်၊ အဲဒီ အကြံအစည်ကတော့ ဒီကနေ့ထိတိုင် အထမမြောက်ခဲ့သေးပါဘူးတဲ့၊


La Dame de Fer  သို့မဟုတ် The Iron Lady       (ဓါတ်ပုံ မရငတ)


ဒုတိယ ကမ္ဘာစစ်အတွင်း ပါရီ ဟစ်တလာ ရောက်လာတော့ အီဖယ်မျှော်စင်ကို  
တက်ချင်ပါတယ်တဲ့၊

ပါရီဇီယမ်သားတွေက အီဖယ်မျှော်စင်ရဲ့ လျှပ်စစ်ဓါတ်အားတွေကို ဖျက်စီးထားခဲ့ပါ
တယ်တဲ့၊ ဒါပေမယ့် ဟစ်တလာကြီး အီဖယ်မျှော်စင် ထိပ်ဖျားကို တက်ချင်ဇောကြီးကြီးနဲ့  
တက်ခဲ့ပါတယ်တဲ့၊

၁၆၆၅ ထစ် (မျှော်စင်အပေါ်ဆုံး တတိယထပ်ကနေ ထိပ်စွန်းဖျားက တာဝါတိုင်တွေထိ  
ဆိုရင်တော့ ၁၇၁၀ ထစ်) ရှိတဲ့ လှေကားထစ်တွေကြောင့် ဟစ်တလာကြီး လျှာတန်းလန်း  
ထွက်နေရပါတယ်တဲ့၊

အီဖယ်ပေါ်ရောက်ခဲ့ဖူးကြသူတွေ နှစ်ပေါင်း ၁၂၅ နှစ် အတွင်း သန်းပေါင်း ၃၀၀ လောက် 
ရှိခဲ့ပါပြီတဲ့၊ အခုလက်ရှိမှာတော့ တနှစ် တနှစ်ကို သန်းကျော် သန်း တက်ကြပါတယ်တဲ့၊

စုစုပေါင်း တန်ချိန် တသောင်းကျော်ကျော် လေးပါတယ်တဲ့၊
သံမဏိ အစိတ်အပိုင်းပေါင်း သောင်းရှစ်ထောင်ကျော် မူလီရဗစ် နှစ်သန်းခွဲနဲ့ တည်ခဲ့ရတာပါတဲ့၊

La Dame de Fer  သို့မဟုတ် The Iron Lady       (ဓါတ်ပုံ မရငတ)


မီးလုံးပေါင်း နှစ်သောင်းရဲ့ မီးရောင်ကြောင့် အီဖယ်ရဲ့ ညအလှကို ခံစားရတာ တမူထူးခြားပါတယ်၊

ကမ္ဘာတလွှား မြို့များမှာတော့ အီဖယ် ပုံတူ မူပွားပေါင်း သုံးဆယ်ကျော် ရှိပါသတဲ့၊
မောင်ရင်ငတေရဲ့ တွေ့ရှိမှုများအရ တကယ်တော့ သုံးဆယ်ကျော် မကလောက်ပါဘူး၊
တရုတ်ပြည်ကြီးမှာတင် မူပွားတွေ တော်တော်များများ တည်ဆောက်နေတာပါ၊

အီဖယ်ကြီးကို ဆေးတခါသုတ်ရင် ကုန်တဲ့ ဆေးတန်ချိန်က ဆင် ကိုးစီးစာ မကပါဘူးတဲ့ ဗျာ၊
အီဖယ် တာဝါထိပ်ဖျားက အီဖယ်ရဲ့ အမည်ပေါက် အခန်းလေးကို ငှားချင်ကြပါလားတဲ့ ခင်ဗျ၊
အခန်းငှားခကတော့ မောင်ရင်ငတေလိုကောင်မျိုး အနားမကပ်နိုင်ကြောင်းပါ၊

အဲ  . . . .. . . ….. . ……. တခုတော့ တွက်ချက်ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်၊  
အီဖယ်ကို အခုနေ တည်ဆောက်ရင် ယူရို မီလီယံ ၃၀ လောက် ကုန်နိုင်ပါတယ်ဆိုတော့
……. …. အပေါ်တက်ခကြေးက တယောက်ပျမ်းမျှ ၁၀ ယူရို အမြှောက် တက်သူ သန်း 
(သို့) သန်း … . … ညီမျှခြင်း . . . . . . .  . . .. . . . . . . . . . . . . . . . . . . . . . . . . …. .. 
…. . …… .. … . ……….. တနှစ် ဝင်ငွေ မီလီယံ ပေါင်းးးးးးးးး   . . . . . . . . . . . . . . . ... . . . . .. . . . . . . . . . … ..

တွက်ချက်သာ ကြည့်ကြပါတော့ ဗျာ၊
မောင်ရင်ငတေ မတွက်တတ်လို့ပါ၊ သင်လေချာလေ ကောင်ပါ၊

(ဒါတောင် အဲဒီမှာ အဟောင်းကြေး အန်းတိ့ခ်ဈေး မပါသေးဘူးနော်)

မောင်ရင်ငတေ ၂၂၀၈၂၀၁၅



** * ကေအယ်လ် ကလန်းမှ ကပါသို့ (တစ်) ** *

နှစ်ဆယ်ကျော်အလွမ်း ကေအယ်လ် ကလန်းမှ ကပါသို့ (တစ်) နှစ်အစိတ်နီးပါးက မှုန်ဝါးဝါးကျန်                                                ...

Google+ Badge

Google+ Followers