Libellés

Archives du blog

mardi 31 mars 2015

ပါရီပုံရိပ်များ ** ကမ္ဘာတလွှားအီဖယ်များ (နှစ်)

ပါရီပုံရိပ်များ **  ကမ္ဘာတလွှားအီဖယ်များ (နှစ်)
 126e anniversaire de l'ouverture de la tour Eiffel  
၃၁ ရက် မတ်လ ၁၈၈၉ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ နာမည်ကျော် အီဖယ်မျှော်စင်ကြီးရဲ့ ၁၂၆ နှစ် ပြည့် ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရ မတ်လ ၃၁ ရက်နေ့  ၂၀၁၅ ခုနှစ် . . .... . . . . . .. . . . .... . ...



၁၂၄ နှစ်အရွယ် နုပျိုနေဆဲ ပါရီအီဖယ်ရဲ့ သြဂတ်စ်ညတညအလှ (၂၀၁၃)       (ဓါတ်ပုံ မရငတ)

ကမ္ဘာတလွှားမှာရှိတဲ့ အီဖယ်မျှော်စင်ပုံစံတူ မူပွားတွေရှိရာဒေသတွေအကြောင်းကို အရင်တပတ်က ရေးဖြစ်ခဲ့ပါတယ်၊ အဲဒီပထမပိုင်းမှာ (တစ်) အမေရိကန်နဲ့ ကနေဒါနယ်စပ် Michigan မှာရှိတဲ့ Paris မြို့လေးက မျှော်စင်အသေးလေး၊ (နှစ်) ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ရှိ København Zoo tårn မျှော်စင်၊ (သုံး) တရုတ်ပြည် ဟောင်ကောင်မြို့အနီး Shenzhen မြို့က ပါရီနဲ့ပုံစံတူမျှော်စင်၊ (လေး) တရုတ်ပြည် ရှန်ဟဲမြို့နဲ့ ကီလိုမီတာ ၂၀၀ အကွာမှာရှိတဲ့ Hangzhou မြို့ ပါရီရပ်ကွက်က မျှော်စင်၊ (ငါး) အင်္ဂလန်နိုင်ငံ Blackpool မြို့က Blackpool Tower စတဲ့ ပါရီအီဖယ် ဆောက်လုပ်ပြီးကာလ နောက်ပိုင်းမှာ ပုံစံတူလိုက်ပြီး ဆောက်ခဲ့ကြတာတွေကို ရေးခဲ့ပါတယ်၊ စုစုပေါင်း အီဖယ် ပုံစံတူတွေ အခုပေါင်း သုံးဆယ်ကျော်ရှိတယ်လို့ ဆိုပါတယ်၊ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ  တရုတ်ပြည်ကဲ့သို့ ဖွင့်ဖြိုးတိုးတက်လာတဲ့ ဒေသတွေမှာ ကမ္ဘာ့အထင်ကရ အဆောက်အဦ ပုံစံတူတွေကို အားကျမခံ အပြိုင်းအရိုင်း သူထက်ငါ တည်ဆောက်လာကြတာက မြို့ပြဖွင့်ဖြိုးရေးနဲ့အတူ ကပ်ပါလာတဲ့ ရောဂါ တမျိုးလို ဖြစ်နေတာပါ၊ သက်ဆိုင်ရာ တာဝန်ကျ မြို့တော်ဝန် ဖြစ်လာတဲ့ သူတွေကလည်း လုပ်စရာ ရှာမရတော့ ကြံဖန်လုပ်ကြရသလိုတောင် ဖြစ်နေပါပြီ၊ အီဖယ်မျှော်စင်ကို တုပပြီး ဘာကြောင့်များ အခုလို မူပွားတွေ တည်ဆောက်ကြလဲဆိုတာကို ထိုတည်ဆောက်ကြသူများ ဘယ်လိုရှင်းပြကြမလဲ

ဆိုတာ မောင်ရင်ငတေ သေချာမသိနိုင်ပေမဲ့ မောင်ရင်ငတေရဲ့ ကိုယ်တွေ့အရရယ် လေ့လာကြည့်မိ သလောက်ရယ် ပြောချင်ပါတယ်၊ မောင်ရင်ငတေ ပါရီမြို့တော်ကို ခြေချခဲ့ပြီးနောက် အီဖယ်မျှော်စင် အောက်သို့သွားမယ်ဆိုခဲ့ရင် မငြင်းစတမ်း လိုက်ဖြစ်ခဲ့ပါတယ်၊ အလည်လာရောက်သူတွေကိုလည်း ကြိမ်ဖန်များစွာ လိုက်ပို့ခဲ့ဖူးပါတယ်၊ အဲလိုမျိုး ပထမဦးဆုံး အကြိမ် အီဖယ်ရဲ့အောက် ရောက်ဖူးခဲ့တဲ့ အခါကရော ဒီကနေ့အထိ ရောက်ခဲ့တဲ့ အကြိမ်တိုင်းမှာ အီဖယ်အောက် မြက်ခင်းပြင်ကနေ အမြဲလို မော့ကြည့်ဖြစ်ပါတယ်၊ ကောင်းကင်အဆုံး ထိုးထွက်နေသယောင် ထင်မြင်ရတဲ့ နီညိုရောင် သံမဏိ ချောင်းတွေနဲ့ ရာဇမတ်ကွက်လို့ ခေါ်ရမလား မှန်ကူကွက်လို့ ခေါ်ရမလား ယက်ဖောက်ထားတဲ့ အဲဒီ မျှော်စင်ကြီးရဲ့ လှပခံညားမှုဟာ ဘယ် အဆောက်အဦးနဲ့မှ မတူပါဘူး၊ နောက်တချက်က ကမ္ဘာ့မှာ ရှေးအကျဆုံး မျှော်စင်တခုဖြစ်ပြီး အမြင့်ဆုံးမျှော်စင် စာရင်းထဲမှာလည်း ပါဝင်ပါတယ်၊ နောက်ပြီး တချိန်တည်း တပြိုင်နက်တည်းမှာ လူလေးထောင်ကျော် တက်ရောက်နိုင်တဲ့ ဒီလိုမျှော်စင်ကြီးမျိုးက တခြားသော အရပ်ဒေသများမှာ ရှိမယ် မထင်ပါဘူး၊ အဲဒီလို လှပခံ့ညားမှု ဗိသုကာပညာ မြင့်မားမှု ခိုင်ခံ့မှု ရှေးဟောင်းတန်ဖိုး ကြီးမားမှုတွေနဲ့ ပြည့်စုံနေတာပါ၊ အဲဒါကြောင့်လည်း နာမည် ကျော်ကြား လူကြိုက်များနေတာ ဖြစ်မယ် ထင်မိကြောင်းပါ ခင်ဗျာ၊


ညမီးရောင်နဲ့ ပရာဟာအီဖယ် Petřín Tower            (ဓါတ်ပုံ မရငတ)
ဒုတိယပိုင်းအနေနဲ့ အရင်တလောတုန်းက ချက်နိုင်ငံပရာဟာမြို့အကြောင်း ရေးခဲ့စဉ်က ထည့်သွင်း ရေးခဲ့တဲ့ ချက်အီဖယ်ကို ပြန်ပွားပြီးရေးလိုက်ပါတယ်၊ ကမ္ဘာအရပ်ရပ်မှာ ပါရီက အီဖယ်မျှော်စင်ပုံစံနဲ့ ခပ်ဆင်ဆင်တူအောင် တည်ဆောက်ခဲ့ကြတဲ့ မူပွားမျှော်စင် စုစုပေါင်း သုံးဆယ်ကျော်ရှိတဲ့ အထဲက တခု ဖြစ်တဲ့ Petřínská rozhledna ခေါ် Petřín Tower ကို ၁၈၈၉ ခုနှစ် ပါရီအီဖယ်ဖွင့်ပွဲမှာ လာပြီး  လေ့လာကြည့်ရှုသွားခဲ့တဲ့ ချက်တိုးရစ်ကလပ် တခုကနေ ဦးစီးဦးဆောင်ပြုပြီး ၁၈၉၁ ခုနှစ်မှာ စတင် ဆောက်လုပ်ခဲ့ကြတာပါ၊ အမြင့် ၆၃ မီတာခွဲရှိတဲ့ ဒီမျှော်စင်ကို တည်ဆောက်ချိန် လေးလကျော်သာ ကြာမြင့်ခဲ့ပါတယ်၊ အဲဒီ ပရာဟာအီဖယ် တည်ရှိရာ Petřín hill တောင်က ပင်လယ်ရေမျက်နှာထက် အမြင့်မီတာ ၃၂၄ မီတာ မြင့်တယ်လို့ ဆိုကြတဲ့အတွက် ပါရီအီဖယ်ရဲ့ အမြင့်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ထူးထူးခြားခြား သွားတူ နေပါတယ်၊


တိုကျိုအီဖယ် Tokyo Tower
တိုကျိုသားတွေ သူတို့မြို့ကိုသူတို့ ဂုဏ်ယူကြတဲ့ အထဲမှာ တိုကျိုအီဖယ်လည်း ပါပါတယ်တဲ့၊ တချို့ တိုကျိုသူ တိုကျိုသားတွေကတော့ လက်ခံချင်မှ လက်ခံနိုင်မှာပါ၊ ပါရီအီဖယ် တည်ဆောက်ခဲ့ပြီးလို့ နောက်ထပ်နှစ်ပေါင်း ၇၀ ခန့်အကြာ ၁၉၅၈ မှာမှ တိုကျိုအီဖယ်ကို တည်ဆောက်ခဲ့တာပါ၊ အမြင့်ပေ ၁၀၉၃ ပေရှိပြီး ပါရီအီဖယ်ထက် ပေနှစ်ဆယ်ကျော် ပိုမို မြင့်မားပါတယ်၊ တည်ဆောက်ထားတဲ့ ပုံစံ ကတော့ အတော်ဆင်တူတာတွေ့ရှိရပြီး မီတာ ၂၅၀ အမြင့် ဒုတိယထပ်ထိ တက်ရောက်လေ့လာလို့ ရပါတယ်၊ တနှစ်ကို တက်ရောက်လေ့လာသူ သုံးသန်းခန့်ရှိပြီး စုစုပေါင်း လူဦးရေ သန်း ၁၅၀ ကျော် ရောက်ရှိလေ့လာပြီးခဲ့ပါပြီ၊ ပါရီအီဖယ်ကိုတော့ ၂၀၁၂ ခုနှစ်က ခရီးသွားဧည့်သည်ပေါင်း ၈ သန်းခန့်
လာရောက် လေ့လာခဲ့ပါတယ်၊ ထူးခြားတာကတော့ ဦးဆောင်တည်ဆောက်သူ ဗိသုကာပညာရှင် မြေငလျှင်ဒဏ်ခံ အဆောက်အဦ ဒီဇိုင်းပညာရှင်ကြီး အင်ဂျင်နီယာ Tachū Naitō (၁၈၈၆-၁၉၇၀) က အမေရိကန်ပြန် တဦးပါ၊ ပြင်သစ်ပြည်ကို ရောက်ဖူးခဲ့တယ်လို့ မှတ်တမ်းများမှာ မတွေ့ရှိရပါဘူး၊
အင်ဂျင်နီယာ Tachū Naitō အဓိက အားသန်တဲ့ မြေငလျှင်လှုပ်ခြင်းက ပါရီမြို့မှာ တခါဖူးမျှ မလှုပ် ဖူးဘူးတော့ကာ သူ့အနေနဲ့ ပါရီရဲ့ အီဖယ်ကို လေ့လာဖို့ စိတ်ဝင်စားခဲ့ဟန် မတူပါဘူး၊


Adolf Hitler in Paris June 23, 1940, accompanied by Albert Speer, Hitler’s chief architect, left, and Arno Breker, Hitler’s favorite sculptor, right.
ပါရီအီဖယ်ကို စိတ်ဝင်စားခဲ့သူ တဦးကတော့ နာဇီဂျာမဏီရဲ့ အဓိပတိကြီးဖြစ်သူ ဟစ်တလာပါ၊
ပါရီမြို့ တည်ရာနေရာက သဘာဝရဲ့ဘေးဒဏ်တွေ ရန်သူမျိုးငါးပါးရဲ့ ရန်တွေက တော်တော်ကြီးကို ကင်းဝေးရာနေရာဖြစ်ပါတယ်၊ မောင်ရင်ငတေ ကြားဖူးသလောက်တော့ ပါရီမြို့တဝိုက်မှာ လေဘေး ရေဘေးမီးဘေးမင်းဘေး ကင်းဝေးတဲ့အပြင် မြေငလျှင်ရဲ့ ဘေးရန်ကိုလည်း ကြီးကြီးမားမား မခံစား ဖူးပါဘူး၊ ကမ္ဘာကျော် နာဇီ ဟစ်တလာ (၁၈၈၉-၁၉၄၅) ခေတ်ကောင်းစဉ်ကတောင်မှ ပါရီအီဖယ်ကို မဖျက်စီးခဲ့တဲ့ အပြင် ပါရီအီဖယ်ကို ရောက်ရှိလေ့လာစဉ်က သူရဲ့ စစ်ဗိုလ်ချုပ်ကြီးတွေအပြင် ဂျာမန် ဗိသုကာပညာရှင်များလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်၊ အကယ်၍များသာ ဟစ်တလာရဲ့ ပါဝါတွေ အာဏာတွေ ဆက်လက် ရှိနေခဲ့မယ်ဆိုရင် ဂျာမဏီပြည်မှာ ဟစ်တလာအီဖယ် မျှော်စင်ရယ်လို့များ ဖြစ်ပေါ် လာလေမလား ဒါမှမဟုတ် ပါရီအီဖယ်ကြီးကို ဘာလင်မြို့သို့ ပြောင်းရွှေ့ သယ်ယူသွားလေ မလား ဆိုတာကတော့ စစ်နိုင်သူတွေ လုပ်ခဲ့တဲ့ လုပ်ရပ်တွေက သက်သေပြခဲ့တာ ရှိနေပါတယ်၊


ဘာလင်အီဖယ် Berliner Funkturm
ဟစ်တလာရဲ့ ဂျာမဏီမှာ ဟစ်တလာခေတ် မရောက်ခင်ကပင် ဘာလင်မြို့မှာ မျှော်စင်တခု တည်ရှိ ပြီးပါပြီ၊ ၁၅၀ မီတာမြင့်တဲ့ Berliner Funkturm မျှော်စင်ကို ၁၉၂၆ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပြီး
ပါရီအီဖယ်နဲ့ ထပ်တူညီပုံစံ မဟုတ်ပေမဲ့ အခြေခံ နည်းစနစ်ကတော့ အတူတူပါဘဲ၊ မျှော်စင်ထိပ်ဖျား ဒုတိယထပ် ၁၂၅ မီတာ အမြင့်ထိ အများပြည်သူတွေ တက်ရောက်လေ့လာနိုင်ပါတယ်၊ ဂျာမဏီက ဘိုင်ယန်ပြည်နယ်မှာ ဘာလင်အီဖယ်ထက် ပိုမြင့်တဲ့ သစ်သား မျှော်စင်ကြီးတခု ရှိခဲ့ဖူးပါသေးတယ်၊ ၁၆၃ မီတာမြင့် အဲဒီသစ်သား Ismaning Radio Tower ခေါ် Bavarian Eiffel Tower မျှော်စင်ကြီး ကို ၁၉၃၂ မှာ ဆောက်လုပ်ခဲ့ပြီး ၁၉၈၃ ခုမှာ ဖျက်စီးပစ်ခဲ့လို့ အခုတော့ ကျောက်ဖိနပ် တိုင်တွေသာ ကျန်ခဲ့ပါတော့တယ်၊ အဲလို အဲဒီခေတ်က တည်ဆောက်ခဲ့ကြတဲ့ မျှော်စင်မြင့်မြင့်တွေဟာ ရေဒီယိုနဲ့ ကြေးနန်းဆက်သွယ်ရေးအတွက် အဓိကရည်ရွယ်ပြီးဆောက်လုပ်ခဲ့ကြတာ ဖြစ်ကြပါတယ်၊ ဒီကနေ့
ခေတ်မှာတော့ ဆက်သွယ်ရေးအတွက် သာမက ကမ္ဘာလှည့်ခရီးသွား ကဏ္ဍအတွက်ပါ ရည်ရွယ်ပြီး မြို့ကြီးတိုင်းမှာလိုလို သူ့ထက်သူ မြင့်သထက် မြင့်မားပြီး အမြင့်တကာ့ အမြင့်မားဆုံး ဖြစ်အောင် အပြိုင်အဆိုင် ဆောက်လုပ်နေကြဆဲပါ၊ ဒီနေရာမှာတော့ ပါရီအီဖယ်ပုံစံကို အခြေခံထားတဲ့ မျှော်စင်
တွေကိုသာ  ရေးသားရခြင်း ဖြစ်လို့ အမြင့်မားဆုံး မျှော်စင်ကြီးတွေအကြောင်း မပါရှိပါဘူး၊


ပါရီလာဗီးဂါ့စ်အီဖယ် Paris Las Vegas est un complexe hôtel-casino à Las Vegas.
အမေရိကရဲ့ လောင်းကစားမြို့တော် လာဗီးဂါ့စ်မြို့မှာလည်း အီဖယ်တခု ရှိပါတယ်၊ အဲဒီနေရာကို အမည်ပေး ထားတာကိုက ပါရီလာဗီးဂါ့စ် ပါ၊ အဲဒီ လာဗီးဂါ့စ် အီဖယ်က ပါရီမြို့မှာ ရှိကြတဲ့ Louvre နန်းတော်ရယ် Opéra Garnier ကဇာတ်ရုံကြီးရယ်ကို ခွပြီး တည်ဆောက် ထားတာပါ၊ အချိုးအစား ကတော့ မူရင်းရဲ့ထက်ဝက် အချိုးပါ၊ နဘေးနားမှာ သုံးချိုးနှစ်ချိုးအရွယ် Arc de Triomphe မုဒ်ဦးနဲ့
La place de la Concorde ကျောက်တိုင် တို့ကိုလည်း ဆောက်ထားပါသေးတယ်၊ ၁၇၈၃ ခုနှစ်က ပြင်သစ်လူမျိုး Les frères Montgolfier ညီအကိုနှစ်ဦး စတင်တီထွင်ခဲ့လို့ L'aérostat des frères Montgolfier ဆိုပြီး အမည်တွင်တဲ့ မိုးပျံ လေဗူဘောင်းကြီးကိုလည်း အဲဒီမှာ တွေ့ရှိနိုင်ပါသေးတယ်၊ ပါရီမြို့ အသေးစားလေးပုံစံ ဖန်တီးထားတာပါ၊ လာဗီးဂါ့စ်အီဖယ်က ၁၆၅ မီတာ မြင့်ပြီး ခြေထောက် သုံချောင်းက ကာစီနိုခန်းမအဆောက်ဦးကြီးပေါ်မှာ ရှိနေပြီး ခြေတချောင်းကသာ အဆောက်ဦးရှေ့ မြေကြီးပေါ်မှာ ထောက်ပြီး တည်ဆောက်ထားတဲ့ ပုံစံပါ၊ ပါရီ လာဗီးဂါ့စ်အီဖယ်ဟော်တယ် ကာစီနို ပျော်ပွဲစားကြတဲ့ နေရာကြီးကို ၁၉၉၉ ခုနှစ်ကမှ စတင် ဖွင့်လှစ်ခဲ့ကြပြီး တနှစ်တနှစ်ကို လာရောက် လည်ပတ်ကြသူပေါင်း ၁၀ သန်းကျော် ရှိပါတယ်တဲ့၊ ဒီနေရာတည်ရာက ပင်လယ်ကမ်းစပ်မြို့ဖြစ်တဲ့ နာမည်ကျော် လော့အိန်ဂျယ်လိစ်နဲ့ မိုင်ပေါင်း ၂၆၀ ကျော်မှာရှိပြီး ကုန်းခေါင်ခေါင်အရပ်မှာ ရှိတာပါ၊ လာဗီးဂါ့စ်အီဖယ် တည်ရှိရာ နီဗားဒါးပြည်နယ် Las Vegas Strip ဒေသမှာ ကမ္ဘာ့အိပ်ခန်းအများဆုံး စာရင်းဝင် ဟော်တယ်ကြီး ၁၅ လုံးရှိပြီး အိပ်ခန်းပေါင်း ခြောက်သောင်းခွဲလောက် ရှိပါတယ်၊


လာဗီးဂါ့စ်အီဖယ်လမ်းမကြီး
ကြယ်ငါးပွင့်ဟော်တယ်တွေ စားသောက်ဆိုင်တွေ ရှော့ပင်စန်တာတွေ လောင်းကစားခန်းမကြီးတွေ
ပျော်ရွင်စရာ သုံးဖြုန်းစရာ အစုံအလင်ရှိတဲ့ လာဗီးဂါ့စ် လမ်းမကြီးတွေတလျှောက် လမ်းသလားရင်း ပါလာတဲ့ ငွေစလေးတွေကို ပွတ်ကြည့်ရင်း ပါရီ လာဗီးဂါ့စ် အီဖယ် မျှော်စင်ကြီးကို နောက်ခံထားပြီး မောင်ရင်ငတေလည်း ဓါတ်ပုံလေးတပုံလောက် ရိုက်ကူးခွင့် ကြုံချင်ပါသေးတယ်၊ ဒါပေမဲ့ အမေရိက ပြည်ဝင်ခွင့်ဗီဇာ ဆိုတာကလည်း မောင်ရင်ငတေရဲ့ မူလပထမ လက်ဟောင်း အနီရောင် ခရီးသွား လက်မှတ်နဲ့ရော အခုလက်ရှိ ကိုင်ဆောင်ထားတဲ့ နိုင်ငံမဲ့ လူသားတယောက်ရဲ့ ခရီးသွားလက်မှတ် ကလေးနဲ့ရော မိုးနဲ့မြေပမာ အလှမ်းကွာဝေး လွန်းလှပါတယ်၊ နောင်များမှာတော့ မောင်ရင်ငတေကို စရိတ်စက အကုန်ခံ တာဝန်ယူ စပွန်စာ ပေးနိုင်မယ့် အဖွဲ့အစည်း ဆိုတာမျိုးတွေ ရှိများ ရှိလာခဲ့ရင် သော်လည်းကောင်း မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းများ ပိုင်ဆိုင်မှုတွေ ရှိလာခဲ့ရင် သော်လည်းကောင်း တခါတခေါက်လောက်တော့ ဗီဇာတောင်းပြီး လာရောက် လည်ပတ်ပါအုံးမယ် … …. ……. . …. . ဟော်တယ်ကာစီနို ပါရီလာဗီးဂါ့စ်ရေ၊


ပါရီတက္ကဆပ်အီဖယ် Paris, Texas, Eiffel Tower with Big Cowboy Hat
ကမ္ဘာပေါ်မှာ ပါရီအမည်ရမြို့ပေါင်း ၃၀ ကျော်ရှိတာမှာ ဒုတိယအကြီးဆုံး ပါရီမြို့လို့ သတ်မှတ်ထား ကြတဲ့ ပါရီမြို့ဆိုတာက အမေရိကန်နိုင်ငံ တက္ကဆပ် ပြည်နယ်မှာ ရှိပါတယ်၊ အမေရိကန်ပြည်မှာကို ပါရီ မြို့ပေါင်း ၂၀ ကျော် ရှိနေတာပါ၊ အဲဒီ Paris,Texas မြို့မှာလည်း ၆၅ ပေ မြင့် တက္ကဆပ်အီဖယ် မျှော်စင်တခု ရှိပါတယ်၊ ၁၉၉၃ ခုနှစ်က သံထည်တွေနဲ့ အသစ်ထပ်မံတည်ဆောက်ခဲ့တာဖြစ်ပြီး ဟိုး အရင်ကတော့ သစ်သားထည် မျှော်စင်တခုပါတဲ့၊ ဒီမျှော်စင်ရဲ့ ထူးခြားချက်တခုကတော့ အနီရောင် နွားကျောင်းသား ဦးထုပ်တလုံးကို တက္ကဆပ်ပြည်နယ် ကိုယ်စားပြု ဆောင်း၍ ပေးထားခြင်းပါ၊ အဲဒီ အီဖယ်နဲ့ အချိုးအစား တူညီတဲ့ မျှော်စင်တခုကတော့ Tennessee ပြည်နယ်က ပါရီမြို့မှာ ၁၉၉၃ ခု နှစ်မှာဘဲ တပြိုင်နက်တည်း တည်ဆောက်ခဲ့တာပါ၊ နောက်တခုကတော့ Ohio ပြည်နယ် Mason မြို့မှာ ရှိတဲ့ ၁၉၇၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ Kings Island အပန်းဖြေ ဥယျာဉ်ကြီးထဲမှာ ရှိတာပါ၊ မူရင်း ပါရီအီဖယ်ရဲ့ သုံးချိုးတချိုးအရွယ် အမြင့်ပေ ၃၃၂ ပေရှိတဲ့ အိုဟိုင်းအိုးအီဖယ် မျှော်စင်ကိုပါ ဥယျာဉ် နဲ့အတူ ထည့်သွင်း တည်ဆောက်ခဲ့တာပါ၊ နောက်ထပ်တခုကတော့ ၁၉၇၅ ခုနှစ်မှာ ဖွင့်ခဲ့တဲ့ Kings Dominion အပန်းဖြေ ဥယျာဉ်ကြီးထဲမှာရှိပြီး ၃၃၂ ပေ အမြင့်တူ အချိုးအစား တူပါတယ်၊ ဝါရှင်တန် ဒီစီမြို့ရဲ့ တောင်ဘက် ၇၅ မိုင် အကွာခန့်မှာရှိတဲ့ ဗာဂျီးနီးယားပြည်နယ် Doswell မြို့မှာ ရှိပါတယ်၊


တရုတ်အီဖယ် Long Ta, Dragon Tower
နောက်ဆုံး အနေနဲ့ ရေးချင်တာကတော့ တရုတ်ပြည် Heilongjiang ပြည်နယ် Harbin မြို့မှာ ရှိတဲ့ Dragon Tower လို့ ခေါ်ဆိုကြတဲ့မျှော်စင်ပါ၊ ပါရီအီဖယ်ထက် အနည်းငယ်ခန့် ပိုမြင့်ပြီး ၃၃၆ မီတာ ရှိပါတယ်၊ ဒီမျှော်စင်က ပါရီအီဖယ်နဲ့ပုံစံတူ စာရင်းထဲမှာထိပ်ဆုံးကပါဝင်နေပြီး ဆိုက်တူဂိုက်တူပေမဲ့ မောင်ရင်ငတေတဦးချင်းအနေနဲ့ ပြောရရင်တော့ ပါရီအီဖယ်နဲ့ လုံးဝနီးပါး ပုံစံတူညီမှုမရှိတဲ့ မျှော်စင် တခုသာ ဖြစ်တာကြောင့် တည်ဆောက်ပုံနည်းစနစ်အရ တူညီကောင်း တူညီနိုင်နေပေမဲ့ ပါရီအီဖယ် စာရင်းမှာတော့ မထည့်သွင်းချင်ပါဘူး၊ ဒီ သံမျှော်စင်ကြီးကို ၂၀၀၀ ပြည့်နှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး တရုတ်ပြည်မကြီးရဲ့ အရှေ့မြောက်ဒေါင့်အစွန်း ကိုးရီးယားကျွန်းဆွယ် အပေါ်နားက Harbin မြို့မှာ ရှိပါတယ်၊ အခြားသော အလားတူ ပါရီအီဖယ်ရဲ့ တည်ဆောက်မှု နည်းပညာကိုသာ အခြေပြု ထားကြပြီး ပုံစံအနေအထားကတော့ ပါရီအီဖယ်ပုံ လုံးလုံးမပေါက်တဲ့ မျှော်စင်အကြီးအသေးများစွာ ရှိကြပါသေးတယ်၊ အဲဒီမှာမှ ပါရီအီဖယ် မူပွားစာရင်းမှာ ပါဝင်နေတဲ့ မျှော်စင်များကတော့ အောက်ပါ စာရင်းအတိုင်း ဖြစ်ပါတယ်၊ ဒီစာရင်းမှာ မပါဝင်ဘဲ အခြားသော ဒေသများ မြို့များမှာ ပုံစံတူ အီဖယ် မျှော်စင် အသေးစာလေးများ မြောက်များစွာ ရှိနေနိုင်ပါသေးတယ်၊
Nagoya TV Tower Nagoya, Japan, 1954.180 m (591 ft) 1:2 scale
Tour métallique de Fourvière Lyon, France, 1892. 85.9 m. 1:4 scale
Torre del Reformador Guatemala City, Guatemala. 1935 75 m (246 ft) 1:5 scale
Turnul Eiffel Slobozia, Romania.1:6 scale
Parizh, Russia, 2005. 1:6 scales
AWA Tower Sydney, Australia 46 m (151 ft) 1:6 scale
Bordeaux Tower Fayetteville, North Carolina. 45 m (148 ft) 1:6 scale
Gomez-Palacio Eiffel Tower, Durango, Mexico. 2007 1:6 scale
Golden Sands Eiffel Tower Varna, Bulgaria. 32.4 m (106 ft)) 1:10 scale
Eiffel Tower Parque Europa, Torrejon, Spain. 30.4 m (100 ft) 1:10 scale
Eiffel Tower EPCOT theme park, Lake Buena Vista, Florida. 23 m (76 ft) 1:14 scale
Filiatra Eiffel Tower Filiatra, Messinia, Greece.18 m. 1:18 scale


ပါရီ လေဘာတီ အီဖယ်
(တချို့သော ပုံများကို အင်တာနက်ဂူဂဲလ်မှ ရယူပါတယ်) (Photos Google)
                                                                    မောင်ရင်ငတေ   ၀၇၀၉၂၀၁၃

 


ပါရီပုံရိပ်များ ** ကမ္ဘာတလွှားအီဖယ်များ (တစ်)

ပါရီပုံရိပ်များ **  ကမ္ဘာတလွှားအီဖယ်များ အပိုင်း (တစ်)
            126e anniversaire de l'ouverture de la tour Eiffel  
၃၁ ရက် မတ်လ ၁၈၈၉ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ နာမည်ကျော် အီဖယ်မျှော်စင်ကြီးရဲ့ ၁၂၆ နှစ် ပြည့် ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရ မတ်လ ၃၁ ရက်နေ့  ၂၀၁၅ ခုနှစ် . . .... . . . . . .. . . . .... . ...



ပါရီအီဖယ်အချိုးအစား
၁၈၈၉ ခုနှစ်မှာ ပြင်သစ်ပြည် ပါရီမြို့မှာရှိတဲ့ အီဖယ်မျှော်စင်ကြီးကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်းမှာ အီဖယ်မျှော်စင်ကြီးရဲ့ အနုပညာ လက်ရာမြောက်မှု ဗိသုကာပညာ ပြည့်ဝမှု လှပခံ့ငြားမှုများကြောင့် တခြား တခြားသော နိုင်ငံများမှ အီဖယ်မျှော်စင်ကို ကြိုက်နှစ်သက်ကြသော သူများက သူတို့ အရပ် သူတို့ ဒေသတွေမှာလည်း အီဖယ်မျှော်စင် ပုံစံတူများကို ဆောက်လုပ်လာခဲ့ကြပါတယ်၊ မူရင်းပါရီရဲ့ အီဖယ်က ၃၂၄ မီတာ မြင့်ပြီး လေးဘက်လေးတန် အောက်ခြေတိုင်များက လွဲလို့ သံမဏိများနဲ့သာ
ဖွဲ့စည်းတည်ဆောက် ထားတာပါ၊ မူလပထမ တည်ဆောက်ခဲ့စဉ်က ယာယီသဘောနဲ့ ပြပွဲကာလမှာ ဖြစ်ပေါ်တိုးတက်လာနေတဲ့ သံမဏိနဲ့ စက်မှုနည်းပညာကို ပြသဖို့သာ ရည်ရွယ်ခဲ့ပေမယ့် ပြပွဲ စတင် ခဲ့ပြီး တလအတွင်းမှာ ပါရီအီဖယ်ပေါ်ကို အခကြေးငွေပေးပြီး တက်ရောက် လေ့လာခဲ့ကြသူတွေက မမျှော်လင့်လောက်အောင်ဘဲ များပြားခဲ့တာကြောင့် ဒီကနေ့ ခေတ်ထိ နှစ်ပေါင်း ၁၂၀ ကျော်ကြာထိ တည်ရှိနေခဲ့တာ ဖြစ်ပါတယ်၊ ဒီမျှော်စင်ပေါ်တက်ဖူးချင်တဲ့သူတွေ များပြားလွန်းလို့ တနှစ်ပတ်လုံးမှာ ပိတ်ရက်မရှိ ဖွင့်ထားပါတယ်၊ မျှော်စင်ထိပ် အပေါ်ဆုံး သုံးထပ်အထိ တက်ရောက်ချင်တယ် ဆိုရင် တယောက်ကို ၁၄ ယူရို ပေးရမှာဖြစ်ပြီး အခုလို ဥရောပရဲ့ နွေရာသီကာလ မျှော်စင်ပေါ်တက်ရဖို့ကို တန်းစီနေသူတွေ မျှော်စင်အောက်မှာ များပြားစွာ တွေ့မြင်ရမှာ ဖြစ်ကြောင်းပါ၊ စောင့်ဆိုင်းရချိန်က တနာရီကျော် နှစ်နာရီမက ကြာနိုင်ကြောင်းပါ၊ မျှော်စင်မှာ အထပ်သုံးထပ် ပါဝင်ပြီး ၅၇ မီတာမြင့်တဲ့ ပထမထပ်မှာ လူပေါင်း ၂၅၀၀ ခန့် ဆန့်ပါတယ်၊ ဒုတိယထပ်ကတော့ ၁၁၅ မီတာ အမြင့်မှာရှိပြီး လူ ၁၆၀၀ ကျော်ခန့် ဆန့်ပါတယ်၊ ၂၇၆ မီတာ မြင့်ပြီး ၃၅၀ စတုရန်းမီတာ ကျယ်တဲ့ တတိယအထပ်မှာ လူလေးရာခန့် ဆန့်ပါတယ်၊ ကောလဟာလ သတင်းတွေအရ ပါရီအီဖယ်ရဲ့ တတိယထပ် အပိုင်းကို ရုရှား ခရိုဏီလက်သစ် တယောက်ဆီမှာ ရောင်းချထားတယ် ဆိုတာပါ၊ သက်ဆိုင်ရာ မြို့တော်ဝန် ကတော့ အကြောက်အကန် မမှန်ကန်ကြောင်း ငြင်းဆို ထားပါတယ်တဲ့၊ ထုံးစံပါပဲပေါ့နော်၊ ရုရှားက ခရိုဏီလက်သစ်တွေဟာ ပါရီအီဖယ်ကို ဝယ်နိုင်တာ မဝယ်နိုင်တာကို သေသေချာချာ မသိနိုင်ပေမဲ့ ယူရို သုံးဆယ်တန် ရှန်ပိန်တပုလင်းကို ယူရို ခုနှစ်ရာ ရှစ်ရာ လူအထင်ကြီး ခံရမလားဆိုပြီး ပေးဝယ် သောက်နေတာကိုတော့  
လက်တွေ့ရောင်းချရသူ ရွှေပြည်တော်သားတဦးက ပြောဆိုရှင်းပြခဲ့တာကို မှတ်မှတ်သားသား ဖြစ်မိရပါတယ်၊ 
(မှတ်ချက် ၂၀၁၅ နှစ်ဆန်းပိုင်းကစပြီး အီဖယ်မျှော်စင် ထိပ်ဆုံးသို့ တက်ချင်ရင်တော့ ၁၅ ယူရိုခွဲ ပေးတက်ရတော့မှာ ဖြစ်ကြောင်းပါ၊ ဒီမျှော်စင်ကြီးပေါ်ကို လူတွေလူတွေ တက်နေကြတာ ဘယ်နှစ်သန်း ရှိခဲ့ပြီဆိုတဲ့ မှတ်တမ်းတွေ ရှိပါတယ်၊ မောင်ရင်ငတေ တွေ့ရတာတော့ အတက် ဓါတ်လှေခါးမှာ ရေးထားတာ လူ ၅၆ ယောက် ဆန့်ပါတယ်တဲ့၊ တခါတက် ၅၆ ယောက် အမြောက် ၁၅ ယူရို ဆိုတော့ကာ အကြမ်းဖျင်းအားဖြင့် ဘယ်လောက်ရှိမလဲ ဆိုတာကိုတော့ ကိုယ်တိုင်သာ တွက်သာတွက်ကြည့်ကြပါတော့၊ တနေကုန် လေးဘက်လေးတန်က ဓါတ်လှေခါးတွေ တလှည့်ဆီ ဆင်းလိုက်တက်လိုက် လုပ်နေတာကိုတော့ မြင်သာပါတယ် ခင်ဗျာ၊)


La drôle de dame de fer ပါရီမြို့ကအီဖယ်မျှော်စင် 

ပါရီအီဖယ်မျှော်စင်ဟာ တည်ဆောက်ပြီးစီးခဲ့တဲ့ အချိန်ကစလို့ နောက်နှစ်ပေါင်း လေးဆယ် ၁၉၃၀ ခုနှစ်ထိတိုင်အောင် ကမ္ဘာ့မှာ အမြင့်မားဆုံး အဆောက်အဦတခု ဖြစ်ခဲ့တာပါ၊ အီဖယ်မျှော်စင်ပေါ်ကို ရောက်ခဲ့ဖူးသူ အရေအတွက်ကတော့ လာမယ့် ၂၀၁၇ ခုနှစ်မှာ သန်းသုံးရာပြည့်မယ်လို့ တွက်ထား ကြပါတယ်၊ အခုထိတော့ သန်း ၂၅၀ ကျော်ခဲ့ပြီလို့ မှတ်တမ်းများမှာ ရေးသားထားပါတယ်၊ သုံးလေး ငါးခေါက် တက်ရောက်ဖူးသူတွေ အီဖယ်မှာ အလုပ်လုပ်နေသူတွေရဲ့စာရင်းပါ အဲဒီမှတ်တမ်းများမှာ ပါဝင်နေတာလားကတော့ မှတ်တမ်းရေးသူများတောင်မှ သိပါလေစ၊


ပါရီမြို့ကအီဖယ်မျှော်စင်ထိပ်ဖျား
တကမ္ဘာလုံးမှာ အီဖယ်မျှော်စင်ပုံတူ အခု ၃၀ ကျော်ရှိတယ်လို့ ဆိုပါတယ်၊ တချို့သော မျှော်စင်များ ကတော့ ထပ်တူထပ်မျှ ပုံစံရော အချိုးအစားပါ တူအောင် ဆောက်လုပ်ထားကြပြီး တချို့ကတော့ ဆောက်လုပ်ပုံ နည်းစနစ်သာ တူညီကြတာပါ၊ ကမ္ဘာပေါ်မှာ အဲဒီလိုမျိုး အီဖယ်မျှော်စင် ပုံစံတူများ ရှိနေသလို ပါရီမြို့နဲ့ အမည်တူ မှည့်ခေါ်ထားတဲ့ မြို့ကလေးများလည်း ၃၀ ကျော်ခန့် ရှိပါတယ်တဲ့၊ အများအားဖြင့်တော့ အမေရိကန်ပြည်မှာ ရှိကြပါတယ်၊ အမေရိကန်နိုင်ငံ တဝှန်းမှာ ပါရီမြို့ အမည် မှည့်ခေါ်ထားကြခြင်းကတော့ အဲဒီခေတ်ကာလက အမေရိကကို ပြောင်းရွှေ့ အခြေဆိုက် နေထိုင်ခဲ့ ကြသူတွေ အများစုက ဥရောပတိုက်သား အင်္ဂလိပ်တွေ ပြင်သစ်တွေ ဂျာမန်တွေ ဒတ်ခ်ျလူမျိုးတွေ အများစုပါ၊ အကြောင်းအမျိုးမျိုးကြောင့် ဥရောပကုန်းမကြီးပေါ်က အမေရိကမြေကို ပြောင်းရွှေ့ခဲ့ပြီး အခြေစိုက် နေထိုင်ကြခဲ့သောသူတွေဟာ မိမိရောက်ရှိနေထိုင်ရာ နယ်မြေဒေသသစ်တွေကို အမည် မှည့်ခေါ်ကြရာမှာ မူလလက်ဟောင်း မိမိနေထိုင်ခဲ့ရာ ဒေသတွေကို သတိတရ ဖြစ်ပြီးတော့ အဲဒီလို ပါရီမြို့ ဆိုပြီးတော့ အမှတ်ရ မှည့်ခေါ်ခဲ့ကြတာကြောင့် ဒီကနေ့ အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တိုင်း မှာလိုလို ပါရီမြို့နဲ့ အမည်တူမြို့များ ပေါ်ထွန်းလာခဲ့ရခြင်းပါ၊ 


Eiffel tower, Michigan, USA
အမေရိကန်ပြည်နဲ့ ကနေဒါနယ်စပ် အနီးက Michigan ပြည်နယ်မှာ ရှိတဲ့ Paris Township လို့ခေါ် ဆိုကြတဲ့ မြို့ကလေးမှာတော့ လူဦးရေ ၅၀၀ ကျော်သာ နေထိုင်ပါတယ်၊ အဲဒီ မြို့ကလေးမှာလည်း ပေနှစ်ဆယ်မျှသာ မြင့်မားတဲ့ အီဖယ်တာဝါ သေးသေးလေးတခု ရှိနေပါတယ်၊ ၁၉၈၀ ခုနှစ် နောက် ပိုင်းမှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်၊ ဒီ မျှော်စင်ပိစိလေးက မောင်ရင်ငတေ စိတ်မှာတော့ အချိုးအစား ကျန လှပတယ်လို့ တွေးမိပါတယ်၊



København Zoo tårn
ဒိန်းမတ်နိုင်ငံ မြို့တော် ကိုပင်ဟေဂင်မှာလည်း အီဖယ်မျှော်စင်တခု ရှိပါတယ်၊ ပါရီကအီဖယ်နဲ့တော့ သိပ်တော့မတူပေမယ့် အီဖယ်ပုံတူ အုပ်စုစာရင်းထဲမှာ ပါဝင်ပါတယ်၊ ၁၈၅၉ ခုနှစ်က စတင်ဖွင့်လှစ် ခဲ့တဲ့ ဥရောပမှာ ရှေးအကျဆုံးသော ကိုပင်ဟေဂင် တိရစ္ဆာန်ရုံဝန်းထဲမှာ ရှိပါတယ်၊ Copenhagen Zoo Tower လို့ ခေါ်ဆိုကြတဲ့ အမြင့်ပေ ၁၄၇ ပေရှိတဲ့ ထိုမျှော်စင်ကြီးကို ၁၉၀၅ ခုနှစ်မှာ ဆောက် လုပ်ခဲ့ပြီး သစ်သားနဲ့ဆောက်လုပ်ထားတဲ့ ကမ္ဘာ့အမြင့်ဆုံးမျှော်စင်တခု ဖြစ်ပါတယ်၊ မောင်ရင်ငတေ မျက်လုံးထဲမှာတော့ အီဖယ်ပုံတူတွေထဲမှာ ရုပ်အဆိုးဆုံးပုံစံမကျဆုံးလို့သာ ထင်မိပါတယ်၊ ဒိန်းမတ်
ပြည်မှာနေတဲ့ ဒိန်းမတ်သူ ဒိန်းမတ်သားတွေကလည်း သဘောတူနိုင်လိမ့်မယ်လို့ ထင်မိကြောင်းပါ၊ ပါရီအီဖယ်နဲ့က အောက်ခြေပိုင်းတော့ တူညီပါတယ်လို့ ဆိုကြပါတယ်၊ အဲဒီမျှော်စင်ရဲ့ ထူးခြားချက် ကတော့ မျှော်စင်တခုလုံးကို သစ်သားနဲ့ ဖွဲ့စည်းတည်ဆောက် ထားခြင်းပါ၊ အဲဒီမျှော်စင် တည်ရှိရာ တိရစ္ဆာန်ရုံကို နှစ်စဉ်နှစ်တိုင်း လာရောက်လည်ပတ်သူပေါင်း တသန်းကျော် ရှိပါတယ်တဲ့၊ ဒိန်းမတ် နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအတွက် အရေးကြီးတဲ့ နေရာဒေသတခု ဖြစ်ပြီး တိရစ္ဆာန်မျိုးကွဲပေါင်း ၂၅၀ လောက်နဲ့ အကောင်ရေ သုံးထောင့်ငါးရာကျော် ရှိပါတယ်၊


Eiffel Tower, Window of the World, Shenzhen,China
ပါရီအီဖယ်နဲ့ လုံးဝနီးပါးမျှ ပုံစံတူအောင် တည်ဆောက်ထားတဲ့ မျှော်စင်ကတော့ တရုတ်ပြည်မကြီး ဘက်အခြမ်း ဟောင်ကောင်မြို့ အနီးက Shenzhen မြို့မှာ ရှိပါတယ်၊ အဲဒီဒေသဟာ စက်မှုဇုံတွေနဲ့ စည်းကားလာခဲ့ပြီးနောက် ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ဖို့ဆိုပြီး Window of the World အပန်းဖြေ ဥယျာဉ်ကြီးကို ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာအရပ်ရပ်က ထင်ပေါ်ကျော်ကြားတဲ့ အဆောက်အဦး ၁၃၀ ကျော်ကို ထည့်သွင်း တည်ဆောက်ခဲ့ပါတယ်၊ အဲဒီ အရပ်ဒေသမှာ မူလလက်ဟောင်း အထိမ်း အမှတ်အဖြစ် ပြသစရာတွေ များများစားစား မရှိလို့များလားလို့ မောင်ရင်ငတေ တွေးနေမိရပါတယ်၊ ပါရီအီဖယ်နဲ့ ပုံစံတူရုံမျှမက ပါရီအီဖယ်အနီးအနားမှာ တည်ရှိနေတဲ့ အခြားအဆောက်အဦများကိုပါ ထည့်သွင်း ဆောက်လုပ်ထားခြင်းပါ၊ အချိုးအစားကတော့ ပါရီအီဖယ်ရဲ့ သုံးချိုးတချိုးရှိပြီး အမြင့်ပေ သုံးရာ့ငါးဆယ်လေးပေ ရှိပါတယ်၊ အခြား ကျော်ကြားထင်ရှားတဲ့ နေရာပုံစံတူများကတော့ အီဂျစ်ရဲ့ ပိရမစ်များ အိန္ဒိယ တပ်ခ်ျမဟာ အပါအဝင် တခြား ကမ္ဘာအရပ်ရပ်က ထင်ရှားတာတွေ အကုန်နီးပါး ပါဝင်ပြီး ထူးထူးခြားခြား တွေ့ရတာကတော့ မောင်ရင်ငတေတို့ရဲ့ ရွှေမြို့တော်ဟောင်းက နှစ်ပေါင်း ၂၆၀၀ ကျော် သက်တမ်းရှိပြီ ဖြစ်တဲ့ ရွှေတိဂုံဘုရား ပုံစံတူပါ ပါရှိကြောင်းပါ၊


Eiffel Tower of Tiandu City Community, Hangzhou, China
တရုတ်ပြည်မှာ အခြားသော ပုံတူ အီဖယ်မျှော်စင်များလည်း ရှိပါသေးတယ်၊ ရှန်ဟဲမြို့နဲ့ ကီလိုမီတာ ၂၀၀ လောက်အကွာမှာ Hangzhou ခေါ်တဲ့ တရုတ် ရှေးဟောင်း မြို့ကြီးတမြို့ ရှိပါတယ်၊ ၁၃ ရာစု အကုန်ပိုင်းက Marco Polo မာကိုပိုလို (၁၂၅၄-၁၃၂၄) ရောက်ရှိခဲ့တဲ့ မြို့လို့ ဆိုကြပါတယ်၊ အဲဒီ ရှေးဟောင်းမြို့ရဲ့ မြို့စွန်မှာ Tiandu Cheng ရပ်ကွက်သစ်ကြီး တခုရှိပါတယ်၊ အဲဒီရပ်ကွက်သစ်ကို ပါရီမြို့က နာမည်ကျော် အဆောက်အဦ ပုံစံတူတွေ သာမက လမ်းတွေ တိုက်တွေ ပန်းခြံလေးတွေ ကစားကွင်းလေးတွေကအစ ပုံစံတူတွေ ဖန်တီးထားပါတယ်၊ မိတ်အင်ချိုင်းနားဆိုတာက ခေတ်ပေါ် အသုံးအဆောင် ပစ္စည်းတွေသာမက မြို့တမြို့ကိုပါ ပုံစံတူ ဖန်တီးထား နိုင်ခြင်းပါ ခင်ဗျာ၊ ဝမ်းနည်း ရမှာလား ဝမ်းသာရမှာလား ဆိုတာကတော့ တကယ့်ကို ပါရီဇီယန် ပါရီမြို့သားစစ်စစ် တယောက်နဲ့ တွေ့ရရင်တော့ မောင်ရင်ငတေ မေးကြည့်လိုက်ပါအုံးမယ်၊ အခုလောလောဆယ်တော့ မဖြစ်နိုင်ဘူး၊ ဘာလို့လည်းဆိုတော့ ခပ်တည်တည်နဲ့ ပါရီဇီယန်ယောင် ဆောင်ထားတဲ့သူတွေက မောင်ရင်ငတေ တို့လို ကောင်မျိုးတွေ ပိုများနေတာ မဟုတ်ပါလား၊ ပါရီဇီယန် စစ်စစ် ဆိုတာကလည်း မန္တလေးသား စစ်စစ် ဆိုတာထက်တောင် ရှားပါးကုန် ဖြစ်နေပါပြီ၊


Tiandu Cheng, Sky Capital City in the far suburban outskirts of Hangzhou
အဲဒီ Tiandu Cheng ရပ်ကွက်ကြီး သို့မဟုတ် မြို့လေးတမြို့လောက် အရွယ်အစားရှိတဲ့ နေရာမှာ  ၃၅၄ ပေ အမြင့်ရှိတဲ့ (Shenzhen အီဖယ်ကလည်း ဒီအမြင့်ပါဘဲ) အီဖယ်မျှော်စင်အပါအဝင် ပါရီမြို့ ပုံတူကို ၂၀၀၇ ခုနှစ်က စတည်ခဲ့တာပါ၊ ရှန်ဟဲမြို့ကနေ နေ့ချင်းပြန်ခရီး သွားလည်လို့ ရပါတယ်တဲ့၊ ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တရုတ်ပြည်ကြီးရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ အရှိန်အဝါကြီးမား လာမှုကို ပြသနိုင်ဖို့ရယ်နဲ့ ချမ်းသာတဲ့ တရုတ် လူတန်းစားတွေ မိုင်ပေါင်းထောင်ချီ ဝေးကွာတဲ့အထိ သွားစရာမလိုပါဘဲနဲ့ လုပ်ရင်းကိုင်ရင်း နေရင်းထိုင်ရင်း ဥရောပ လူနေမှုစရိုက်ကို သိရှိနိုင်စေရန်လို့ ဒီလို တရုတ်ပါရီ စီမံကိန်းကို ဆောက်လုပ်တဲ့ လုပ်ငန်းရှင်ကြီးက ရှင်းပြထားတာကိုလည်း မှတ်သား ဘွယ်ရာ သိရှိရပါတယ်ဗျာ၊ ဘယ်လိုဘဲဖြစ်ဖြစ် မောင်ရင်ငတေတို့လည်း ရှန်ဟဲမြို့ကို ရောက်ရှိခဲ့ရင် မသွားမဖြစ်သွားရမယ့် တနေရာလို့ သတ်မှတ်ထားရမှာပေါ့နော်၊ အဲ တရုတ်ပါရီမြို့လေးမှာ လူဦးရေ တသောင်းလောက် ချောင်ချောင်ချိချိ နေနိုင်ပါတယ်တဲ့၊ တရုတ် လူငယ်ကလေးတွေရဲ့ ပေါ်ပြူလာ ဟန်းနီးမွန်း အိပ်မက် နေရာတနေရာလည်း ဖြစ်နေပါပြီ၊ အဲဒီ တရုတ် ပါရီမြို့လေးနဲ့ မနီးမဝေးမှာဘဲ လစ်တဲလ် လန်ဒန်ခေါ် Thames Town ဆိုတဲ့ မြို့လေးကိုလည်း တည်လို့ပြီးပါပြီ၊ အီတလီစတိုင်လ် ဂျာမန်စတိုင်လ် မြို့တွေလည်း ရှိနေပါပြီလို့ ဆိုကြတဲ့အပြင် နောက်များမကြာခင်တော့ လစ်တဲလ် ဆယ့်ကိုးလမ်းတို့ လစ်တဲလ် မောင့်လက်ပဒေါင်းတို့လို နေရာပုံတူတွေလည်း မပေါ်လာနိုင်ဘူးဆိုပြီး
မပြောနိုင်ပါဘူး မဟုတ်ပါလား၊

အင်္ဂလန်ဘလက်ပူးအီဖယ် Blackpool Tower
၁၈၈၉ ခု မတ်လ ၃၁ ရက်နေ့မှာ တရားဝင် စတင်ဖွင့်ခဲ့တဲ့ အီဖယ်မျှော်စင် ဖွင့်ပွဲနဲ့အတူ တပြိုက်နက် ပြုလုပ်ခဲ့တဲ့ Exposition Universelle de Paris ပွဲတော်ကိုလာရောက်ကြည့်ရှုခဲ့တဲ့ အင်္ဂလန်နိုင်ငံက Blackpool မြို့တော်ဝန်နဲ့အဖွဲ့ဟာ  Blackpool မြို့ကို ပြန်ရောက်ပြီးတဲ့ အခါမှာ Blackpool Tower ကို အီဖယ်မျှော်စင်နဲ့ တူအောင် ဆောက်လုပ်ခဲ့ပြီး ၁၈၉၄ ခုနှစ်မှာ အပြီးသတ် နိုင်ခဲ့ပါတယ်၊ ပါရီက အီဖယ်မျှော်စင်နဲ့ အဓိက ခြားနားချက်ကတော့ ဘလက်ပူးမျှော်စင်က အောက်အခံအဆောက်အဦး တခုပေါ်မှာ ထပ်တင်ဆောက်ထားတာဖြစ်ပြီး ပါရီအီဖယ်ရဲ့ ထက်ဝက်ခန့် ၅၁၈ ပေကျော် မြင့်မားပြီး ပါရီအီဖယ် အထက်ပိုင်းကိုဖြတ်ပြီး ဆောက်ထားတဲ့ပုံပါ၊ ဘလက်ပူးအီဖယ်က ဘလက်ပူးအပန်းဖြေ ဥယျာဉ်ကြီးထဲမှာ တည်ရှိပါတယ်၊ ဘလက်ပူးမြို့ဆိုတာက အင်္ဂလန်ပြည်ရဲ့ အနောက်မြောက်ဒေသ လီဗာပူးမြို့ မန်ချက်စတာမြို့ တို့နဲ့ မိုင်သုံးဆယ်ကျော် လေးဆယ်သာ ကွာဝေးပြီး အိုင်းရစ်ပင်လယ် ကမ်းခြေက သာယာလှပတဲ့ အပန်းဖြေ မြို့လေး တမြို့ပါ၊ ခရီးသွား လုပ်ငန်းတွေ အပေါ်မှာ အဓိက မှီခိုအားထားနေတဲ့ မြို့တမြို့ ဖြစ်သော်လည်း အခုအခါမှာတော့ တစတစကျဆင်းနေတဲ့ ဘလက်ပူး ခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်ဖို့ လုပ်နေရပါတယ်တဲ့၊ သူတို့တွေရဲ့ ကျဆင်းနေတဲ့ ခရီးသွား လုပ်ငန်းဆိုတာ တနှစ်ကိုခရီးသည် ၁၇ သန်းကျော် လာနေတာကနေ ကျဆင်းလာတာကို ပြောတာ ဆိုတာကို သတိပြုမိဖို့ကိုတော့ လိုပါတယ်၊ လာမယ့် ၂၀၁၄ ခုနှစ်မှာ နှစ်ပေါင်း ၁၂၀ ပြည့်တော့မယ့် ဘလက်ပူးအီဖယ်နဲ့အတူ အဲဒါကြီးကို လာရောက်ကြည့်ရှုကြမယ့် ခရီးသွားဦးရေ တိုးပွားလာအောင် သက်ဆိုင်ရာ ဘလက်ပူးအာဏာပိုင်များ ဘယ်လိုလုပ်ကိုင်ကြမလဲဆိုတာက စိတ်ဝင်စားဘွယ်ရာပါ၊ မောင်ရင်ငတေတို့ရဲ့ ရန်ကုန်မြို့တော် အဟောင်းကြီးကို စင်ကာပူထက် ပိုကျော်အောင် လုပ်ချင်တဲ့ ရန်ကုန်တိုင်းဒေသကြီးက တာဝန်ရှိပုဂ္ဂိုလ်ကြီးများကိုလည်း မောင်ရင်ငတေ စရိတ်အကုန်အကျခံပြီး
လေ့လာရေးခရီးများ ပို့ပေးချင်မိတာကတော့ စိတ်ကူးယဉ် တခုထက် ပိုမိုမိပါတယ်၊


Blackpool Tower Theme park
(ဓါတ်ပုံများကို အင်တာနက် ဂူဂဲလ်မှ ရှာဖွေထားခြင်းပါ)
(ဒုတိယပိုင်းဆက်ပါမည်)                         မောင်ရင်ငတေ         ၂၃၀၈၂၀၁၃
 http://moemaka.com/archives/37567                             သြဂုတ် ၂၄၊ ၂၀၁၃

ရှားရှားပါးပါး မြင်တွေ့ခွင့်ရခဲ့တဲ့ အီရန်မြေပြင် (၂)

  ရှားရှားပါးပါး မြင်တွေ့ခွင့်ရခဲ့တဲ့ အီရန်မြေပြင် (၂)